DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့က စစ်ဘေးရှောင်များ ၆ နှစ်ကြာသည်အထိ နေရပ်မပြန်နိုင်သေး 
DVB
·
August 21, 2023
ဘူးသီးတောင်မြို့က စစ်ဘေးရှောင်များ ၆ နှစ်ကြာသည်အထိ နေရပ်မပြန်နိုင်သေး 
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ သောင်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အချိန် ၆ နှစ်ကြာတဲ့အထိ နေရပ်ပြန်ခွင့် မရကြသေးလို့ သူတို့ရဲ့ မူလနေရပ် ကျေးရွာတွေဆီ ပြန်ခွင့်ရဖို့ မျှော်လင့် စောင့်စားနေကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

၂၀၁၈ ခုနှစ်ကစပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ လောက် နေရပ်စွန့်ခွာနေကြရတဲ့  စစ်ဘေးရှောင်စုရပ် ၂၀ ကျော်ရှိကာ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေဖြစ်ကြတဲ့ လမ်းမကျောင်း ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း၊ ရန်အောင်မြေ ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းနဲ့ မြတောင်ကျောင်း စစ်ဘေးရှောင်စခန်း စတဲ့ စစ်ဘေးရှောင်စခန်းတွေမှာလူဦးရေ ၁၃,၀၀၀ ကျော် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ပြီးခဲတဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့ စစ်ရှောင်စခန်း တာဝန်ခံတွေကို ဦးဥတ္တမ ခန်းမမှာ ခေါ်ယူတွေ့ဆုံပြီး အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားကာ နေရပ်ပြန်ကြဖို့နဲ့ အနီရောင်အဆင့် သတ်မှတ်ထားတဲ့ ကျေးရွာတွေကတော့ နေရပ်မပြန်ကြဖို့ မှာကြားဖူးပေမဲ့ ခုချိန်ထိ လက်တွေ့ ဖြစ်မလာသေးပါဘူး။

စံဂိုးထောင်ကျေးရွာအုပ်စုမှ စစ်ဘေးရှောင်လူကြီးတဦးက “ဒီနေ့အထိ ဘာအဖြေမှ မသိရသေးဘူး။ ကျနော်တို့ကို အစည်းအဝေးခေါ်ပြီး ပြောတာတွေရှိတယ်။ လာပြီး ပြောတာတွေလည်းရှိတယ်။ အိမ်ပြန်မယ့်စာရင်းတွေပေးဖို့ ပြောတယ်။ ထောက်ပံ့ကြေးတွေ ပေးမယ်လို့ ပြောတယ်။ ကျနော်တို့ စာရင်းတွေတင်ထားတယ်။ ကျနော်တို့ စံဂိုးထောင်အုပ်စုက ကျေးရွာ ၄ ရွာကတော့ ပြန်လို့မရပါ။ အဲ့ဒီရွာတွေမှာ စစ်ကောင်စီက တပ်စွဲထားပါတယ်။ ကျနော်တို့မှာ နေအိမ်တွေလည်း ဘာမှမရှိတော့ပါဘူး” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တဦးကလည်း “ခရိုင်အုပ်ချုပ်ရေးမှူး ရောက်တဲ့အခါ ရွာကိုပြန်ရမယ်။ မပြန်လို့ မရဘူး။ ကားနဲ့သွားမယ်ဆို ကားနဲ့ပို့ပေးမယ်။ လိုအပ်ရင် ရေကြောင်းနဲ့ပို့ပေးမယ်။ အထုပ်တွေ ထုပ်ပိုးထားဖို့ ပြောပါတယ်။ ဦးဥတ္တမခန်းမမှာ ခရိုင်မှူး လာလို့ပြောပါတယ်။ အစိမ်းရောင်နယ်မြေ ရွာတွေကလူတွေ အမြန်သွားရမယ်။ အစိမ်းရောင်နယ်မြေက ရွာတွေမှာ လူရှိတယ်။ ပြန်သွားရင်လည်း လူတွေရှိတယ်။ အဲ့ဒါကြောင့် အစိမ်းရောင်လို့ သတ်မှတ်ထားတယ်။ ကျမတို့ ကျေးရွာတွေဖြစ်တဲ့ သရက်ပြန်ကျေးရွာတွေကျတော့ အနီရောင်အဆင့်လို့ သတ်မှတ်ထားတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ သူတို့နေထိုင်တဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်တွေအားလုံးမီးလောင်သွားခဲ့လို့ နေစရာအိမ်မရှိတော့သလို စစ်ပွဲလက်ကျန် မြေမြုပ်မိုင်း တွေရဲ့ အန္တရာယ်ရှိနေတာကြောင့်လည်း နေရပ်မပြန်ရဲကြပဲ ရှိနေတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင် အမျိုးသမီးတဦးက “ကျမတို့ ပြန်သွားရင်လည်း  နေစရာအိမ်မရှိတော့ဘူး။ အားလုံး မီးလောင်သွားခဲ့ပြီ။ ရွာကိုပြန်ရင်လည်း ဟိုဘက်ကလည်း စစ်တပ် ဒီဘက်ကလည်း စစ်တပ်ဆိုတော့ ကြားမှာမသွားရဲဘူး။ မိုင်းအန္တရာယ်ကတမျိုး။ အဘက်ဘက်က အခက်ကြုံနေရပါတယ်” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ လူဦး‌ရေ စုစုပေါင်း ၁၃,၀၀၀ ကျော် ခိုလှုံနေကြတာဖြစ်သလို စစ်ဘေးရှောင်စခန်းတွေရဲ့ ပြင်ပမှာလည်း  ၂၈၀၀၀ ကျော် နေထိုင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013