DVB Logo
Home
မြန်မာသတင်း
ပြည်ပအဝယ်လိုက်သဖြင့် မတ်ပဲစျေးနှုန်း အမြင့်ဆုံးရောက်ရှိ
DVB
·
August 21, 2023
ပြည်ပအဝယ်လိုက်သဖြင့် မတ်ပဲစျေးနှုန်း အမြင့်ဆုံးရောက်ရှိ
Donate to DVB

ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပတင်ပို့မှုသာ အဓိကအားထားနေရတဲ့ မတ်ပဲဟာ ပြည်ပစျေးကွက် အဝယ်လိုက်တာကြောင့် စျေးနှုန်းအမြင့်ဆုံး ရောက်ရှိနေတယ်လို့ မတ်ပဲရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

မတ်ပဲစျေးနှုန်းဟာ သြဂုတ် ၁၀ ရက်က ၁ တင်း (ပိဿာ ၂၀)  ကို ကျပ် ၇၆,၀၀၀ သာရှိပေမဲ့ သြဂုတ် ၂၀ ရက် စျေးနှုန်းအရ ၁ တင်းကို ကျပ် ၈၁,၅၀၀ အထိ စျေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှ မတ်ပဲရောင်းဝယ်သူတဦးက “မတ်ပဲစျေးက လအစက စျေးနှုန်းပြန်ကျသွားပေမဲ့ ဒီအပတ်အတွင်း တဖြည်းဖြည်းနဲ့ လိုက်တက်လာတယ်။ တောင်သူရော ကုန်သည်တွေပါ ရှစ်သောင်းစျေးကို စောင့်နေတာလေ။ အခုက ရှစ်သောင်းစျေးတောင် ကျော်သွားပြီဆိုတော့ အကုန်ထုတ်ကြတာ။ အခုက ပြည်ပအဝယ် ဆက်တိုက်လိုက်နေပြီး နယ်ကုန်သည်တွေ၊ တောင်သူတွေကလည်း အကုန်ထုတ်ရောင်းနေတော့ အရောင်းအဝယ် တော်တော်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ရေကြောင်းကုန်သွယ်ရေးမှတဆင့် အိန္ဒိယနိုင်ငံကို မတ် ၇ ရက်က မတ်ပဲတန်ချိန် ၁,၀၀၀ ကျော် တင်ပို့ခဲ့တယ်လို့ ပဲကုန်သည်တွေက ပြောပါတယ်။

မတ်ပဲဟာ တောင်သူတွေလက်ထဲမှာ တင်းရာဂဏန်းလောက်သာ ကျန်ရှိတော့တာဖြစ်ပြီး နယ်ကုန်သည်တွေ လက်ထဲမှာသာ ပဲလက်ကျန်ရှိတော့တယ်လို့ ရန်ကုန်ရှိ မတ်ပဲ သီးသန့်ရောင်းဝယ်တဲ့ ကုန်သည်တဦးက ပြောပါတယ်။

“မတ်ပဲရှားတာကြောင့်ကော ကြိုက်စျေးရမှ ထုတ်မယ်ဆိုတဲ့ နယ်ကုန်သည်တွေကြောင့်ပါ ပဲစျေးက တက်လာတယ်။ ပဲစျေးက ဒီ ၃ ရက်လောက်မှာ ပိုတက်လာတယ်။ နောက်ပြီး အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းက ကုန်သည်တွေက မြန်မာပြည်ထဲထိဆင်းပြီး မတ်ပဲဝယ်တော့ မတ်ပဲစျေးက တောက်လျှောက်တက်သွားတယ်။ အစ်ကိုတို့ကတော့ နိုင်ငံခြားကုန်သည်တွေနဲ့ ညှိပြီးတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့နည်း ပို့ကြတာပေါ့။ နောက်ထပ် စျေးအတက်အကျကတော့ မတ်ပဲအသစ်ပေါ်တဲ့အထိ ဆက်ပြီး စောင့်ကြည့်ရဦးမှာပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ G to G အစီအစဉ်နဲ့ မတ်ပဲရောင်းဝယ်မှုအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၅ နှစ်အတွင်း မတ်ပဲတန်ချိန် ၂၅၀,၀၀၀ ကို ပုဂ္ဂလိက ကုန်သွယ်မှုကဏ္ဍကနေ အိန္ဒိယနိုင်ငံဆီကို တင်ပို့သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ရှိတဲ့ မတ်ပဲကို အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် တခြားနိုင်ငံတချို့ကိုလည်း တင်ပို့နေပါတယ်။

မြန်မာနိုင်ငံမှာ ပဲမျိုးစုံ ၁၈ မျိုးကို နှစ်စဉ် စိုက်ဧက ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း၊ ကုလားပဲ ၈ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

မတ်ပဲအပါအဝင် ပဲမျိုးစုံဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေမှာ အဓိကသီးနှံဖြစ်ပြီး လယ်ယာထွက်ပစ္စည်း ထွက်ရှိမှု စုစုပေါင်းရဲ့ ၃၃ ရာခိုင်နှုန်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013