
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ ဩဂုတ် ၁၉ ရက် တနေ့တည်းမှာ ပြင်းထန်တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
TNLA တပ်မဟာ ၄ စစ်ဒေသနဲ့ တပ်မဟာ ၅ စစ်ဒေသတွေဘက်ကို စစ်ကောင်စီတပ်တွေဖြစ်တဲ့ စကခ ၁၆၊ ခလရ ၂၄၂ တပ်တွေနဲ့ တခြား တပ်ရင်းတပ်ဖွဲ့တွေ ဝင်ရောက်လာတဲ့အတွက်ကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူက “အခုဖြစ်တဲ့ တိုက်ပွဲတွေက ပြည်သူတွေရှိတဲ့နေရာမှာ ဖြစ်ပွားခဲ့တာ မဟုတ်သလို နှစ်ဖက် ထိခိုက်သေဆုံးမှုတွေကိုလည်း မသိရသေးဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ထားတာကြောင့် နှစ်ဖက်တပ်ဖွဲ့တွေ စောင့်ကြည့်ဆဲအခြေအနေမှာ ရှိနေပေမဲ့ ဩဂုတ် ၁၉ ရက် နောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူးလို့ ပြောပါတယ်။
TNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား ဇူလိုင် ၂၃ ရက်ကနေ ဩဂုတ်လ ၂၀ ရက်နေ့အထိ စုစုပေါင်း တိုက်ပွဲ ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ၂၅ ဦး ကျဆုံးခဲ့သလို စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အောင်သူ