
ချင်းပြည်နယ်အတွင်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ အကောင်အထည်ဖော်လုပ်ဆောင်ဖို့အတွက် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေနဲ့ ဖွဲ့စည်းပုံကို ဩဂုတ် ၂၀ ရက်မှာ ကြေညာလိုက်ပါတယ်။
၂၀၂၃ ခုနှစ် နှစ်ဆန်းကတည်းက ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနဲ့ဖွဲ့စည်းပုံကို ကြေညာနိုင်ဖို့ ကြိုးစား ခဲ့ကြတာဖြစ်ပြီး အကြိမ်ကြိမ်ဆွေးနွေးမှုတွေပြုလုပ်ပြီး ယခုမှ ကြေညာနိုင်ခဲ့တာလို့သိရပါတယ်။
ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ဥက္ကဋ္ဌ စတီဗင်က “တရားဥပဒေစိုးမိုးရေးကတော့ လွန်ခဲ့တဲ့လပေါင်းများစွာကတည်းက ဆောင်ရွက်နေပါပြီ။ ခုဒီဥပဒေနဲ့ ဖွဲ့စည်းပုံနဲ့ဆိုရင်တော့ အရင်ကထက် အဆပေါင်းများစွာ ထိထိရောက်ရောက် ပိုမိုဆောင်ရွက်နိုင်ကြမယ် ဆိုတာယုံကြည်တယ်” လို့ ပြောပါတယ်။
ချင်းပြည်နယ်တစ်ခုလုံးမှာ အားသာတဲ့အပိုင်းရှိသလို အားနည်းတဲ့နေရာလည်းရှိတဲ့ အတွက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ခေါင်းဆောင်က ပြည်သူတွေကို ကတိပေးထားပါတယ်။
ပြည်သူ့ရဲတပ်ဖွဲ့ဟာ ချင်းအမျိုးသားကောင်စီရဲ့ အသိအမှတ်ပြုမှုရရှိထားသလို NUG ပြည်ထဲရေးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ လည်း မဟာမိတ်ဖွဲ့ထားပြီ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစပြီး CDM ရဲဝန်ထမ်းတွေ၊ တော်လှန်ရေးကာလ ပြည်သူ့ရဲတပ်ဖွဲ့ဝင် အသစ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ချင်းပြည်နယ်ရဲ့ ပြည်နယ်ပြည်သူ့ရဲတပ်တပ်ဖွဲ့ ယာယီအုပ်ချုပ်ရေး ကော်မတီကို ပြည်နယ်အဆင့်ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။











