
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ကွင်းကြီးရွာနားကို စစ်ကောင်စီက ဒီနေ့ ဩဂုတ်၂၀ ရက်နေ့ နေ့လယ်ပိုင်းက တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်းနဲ့ လာရောက် ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးနေရပါတယ်။
မြစ်ကြီးနားလေယာဉ်ကွင်းကနေလာတဲ့ Mi35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်းဟာ နေ့လယ် ၁၂ နာရီလောက်မှာ လာရောက်ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။
ကွင်းကြီးဒေသခံရွာသားတယောက်က “ပစ်တာက ကျနော်တို့ရွာ အရှေ့ဘက် တောင်ရိုးပေါ်ကို ပတ်ပစ်နေတာဗျ။ ကျနော်တို့ ရွာဘက်တွေလည်း ပတ်ဝဲပြီး ပစ်နေတာတော့ မြင်တယ်။ ဘာတွေပျက်စီးမယ်တော့ မသိဘူး။ ဘာကြောင့် လာပစ်တာလဲဆိုတော့ အဲတောင်ရိုးပေါ်မှာ ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီ မြေပြင်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေကြတာ။ မြေပြင်တိုက်ပွဲက မနက်ခင်း ၉ နာရီအချိန်ကတည်းက ဖြစ်နေကြတာ။ သူတို့ဘက်က အကျဆုံးများလို့ လေယာဉ်နဲ့ လာပစ်တာဖြစ်နိုင်တယ်။ ကျနော်တို့ ဒေသခံတွေကတော့ မနက်ခင်းကတည်းက ရွာအပြင်ထွက်ပြီး စစ်ဘေးရှောင်နေရတယ်လေ” လို့ ပြောပါတယ်။
အခု နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကွင်းကြီးရွာဟာ ထီးချိုင့်မြို့နဲ့ ၂ မိုင်လောက်ပဲ ဝေးကွာပြီး အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာလည်းဖြစ်ပါတယ်။
ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “မြေပြင်တိုက်ပွဲက မပြီးသေးဘူးဗျ။ အခုလတ်တလော အခြေအနေကတော့ ကိုယ့်ဘက်က တယောက်မှ မကျဆုံးဘူး။ ခွေးတွေဘက်ကတော့ အထိခိုက်များလို့ လေယာဉ်နဲ့လာပစ်တာ” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထီးချိုင့်မြို့ကနေ ဩဂုတ် ၁၉ ရက်နေ့က စတင်ထွက်ခွာလာတဲ့ စစ်ကြောင်း ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။










