
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့ခွဲ၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်အလုံး ၇၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ တိုင်းမီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူဆီက သိရပါတယ်။
ဧပြီ ၂၉ ရက်၊ မနက် ၃ နာရီကျော်လောက်က ချောင်းဝကျေးရွာက နေအိမ်တအိမ်ရဲ့ မီးဖိုဆောင်က မီးကြွင်းမီးကျန်ကတဆင့် အိမ်ထရံအကာကို မီးကူးစက်လောင်ကျွမ်းမှုကြောင့် တခြားအိမ်တွေပါ မီးကူးစက်ကာ လူနေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့သွားတာလို့ တိုင်းမီးသတ်ဌာနနဲ့ နီးစပ်သူက ပြောပါတယ်။
“မီးကြွင်းမီးကျန်ကနေ မီးလောင်မှုဖြစ်ပွားတာ ဖြစ်ပါတယ်။ လူတွေ ထိခိုက်သေဆုံးတာ မရှိဘူး။ အိမ်တွေ အများဆုံး မီးလောင်ခဲ့ပါတယ်။”
မီးလောင်မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း ၂၈ လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၃၆ လုံး၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနဲ့တိရစ္ဆာန် သေဆုံး ထိခိုက်တာ မရှိခဲ့ပါဘူး။
အဆိုပါ မီးလောင်မှုကို ဖျာပုံခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်တစီး၊ ကျုံကဒွန်းနယ်မြေ မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်တစီးနဲ့ ဒေသခံတွေက စုပေါင်းမီးငြှိမ်းသတ်ခဲ့တာမှာ မနက် ၃ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။
ဒါ့အပြင် မီးလောင်မှုကြောင့် အိမ်ထောင်စု ၇၀ စုက အမျိုးသား ၁၆၂ ယောက်၊ အမျိုးသမီး ၁၈၅ ယောက် စုစုပေါင်း ၃၄၇ ယောက် ချောင်းဝကျေးရွာရှိ သာသနာ့တံခွန် ဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ယာယီခိုလှုံနေကြပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းတဲ့နေအိမ်ရဲ့ ပိုင်ရှင်ကို ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။










