စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကနေ စစ်ကောင်စီတပ်တွေ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေလို့ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါး ထပ်မံ စစ်ရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၈၀ လောက်ပါတဲ့ ဒီစစ်ကြောင်းဟာ ဩဂုတ် ၁၈ ရက်နေ့က ဘုတလင်နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီး စိုင်ပြင်နယ်ကနေ ဩဂုတ် ၁၉ ရက်နေ့ ညနေပိုင်းမှာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို ဝင်ရောက်လာတာဖြစ်ပါတယ်။
ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ ရေဦးအခြေပြု People's Defense Comrade ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုထူးခန့်ဇော်(အမေ့သား)က “၁၉ ရက်နေ့မှာ စိုင်ပြင်ကနေ ဒီပဲယင်းအနောက်ခြမ်းရွာတွေဘက်ကို ထွက်လာတယ်၊ ညနေပိုင်းမှာ ဒီပဲယင်းနယ် အနောက်ခြမ်းရွာတွေဘက်ကနေ ဒီပဲယင်းမြို့တွင်းကို ဝင်သွားတယ်။ ဘယ်ရွာမှ ဝင်ပြီး ဖျက်ဆီးတာတွေတော့ မလုပ်ခဲ့ဘူး။ စစ်ကြောင်းနဲ့ မလွတ်တော့ ကျေးရွာတွေက အထုပ်အပိုးကိုယ်စီနဲ့ ကား၊ ဆိုင်ကယ်၊ ထော်လာဂျီတွေ၊ လှည်းတွေနဲ့ ပြေးကြရတာပေါ့ဗျာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
နယ်မြေရှင်းလင်းရေးစစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒီပဲယင်းအနောက်ခြမ်းက ဂွေးပင်ကုန်း၊ မင်းတဲကုန်း၊ ကျခတ်၊ ပျံကျ၊ မကျည်းစောက်၊ နဘဲလှ၊ ပုဂံ၊ ခွန်တောင်း၊ နှောပင်၊ လက်တီး၊ ယင်းတွေ၊ ငြိမ်းချမ်းရွာသစ် အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။
သူတို့ကို ဒီပဲယင်းညီနောင်များအဖွဲ့ အပါအဝင် တခြားနယ်မြေခံ ကာကွယ်ရေးအဖွဲ့တွေရဲ့ ကူညီမှုနဲ့ ဘေးလွတ်ရာ စစ်ရှောင်လက်ခံရာဌာန ၁၃ ခုမှာ ရောပေါင်းပြီး နေရာချထားပေးရေး၊ စားရေးသောက်ရေးတွေကို ကူညီဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးခံရတဲ့ရွာတွေမှာ စစ်ရှောင်အရေအတွက်က အချိန်နဲ့အမျှ များပြားလာသလို ဘုတလင်နယ်ဘက်ကနေ ဒီပဲယင်းနယ်ထဲကို စစ်တပ် ဝင်လာချိန်ကစပြီး ပြည်သူတွေကို စစ်ကြောင်းနဲ့မနီးခင် အရင် ဘေးလွတ်ရာ ကြိုပြီး ပြောင်းရွှေ့ထားရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ကာကွယ်ရေးတပ်တာဝန်ရှိသူတယောက်က “ကိုယ့်ပြည်သူတွေကိုတော့ စစ်ကြောင်းထိုး လာတော့မယ် နီးလာပြီဆိုရင် အထိအခိုက်မခံပေမဲ့ တချို့ပေါ့ဆကြတဲ့ ပြည်သူတွေလည်း ရှိတာပေါ့ဗျာ။ ဘေးလွတ်ရာကို အဓိကဦးစားပေး တိမ်းရှောင်ခိုင်းရတာပေါ့။ ဒီစစ်ကြောင်းက ဒီပဲယင်းကနေ ရေဦးအထိ ထိုးမယ့်စစ်ကြောင်းဖြစ်တယ်လို့ ကျနော်တို့ နယ်မြေခံအဖွဲ့တွေဘက်က သတင်းရထားပါတယ်ဗျ” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီပဲယင်းနယ်ထဲကို စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကြောင့် ဒေသခံတွေ ထွက်ပြေးနေရပြီး ဘုတလင်နယ်ထဲမှာလည်း နယ်မြေရှင်းလင်းရေးဆိုပြီး ရေဦး၊ ဒီပဲယင်း၊ ခင်ဦးနယ်တွေအထိ မီးရှို့ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ နယ်မြေခံ ကာကွယ်ရေးတပ်တွေက ဆိုပါတယ်။