
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်သားတွေဟာ PDF အယောင်ဆောင်ပြီး မြို့ပေါ်မှာ သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်အနောက်ပိုင်းမှာ သြဂုတ် ၁၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ တပြိုင်နက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း အခုလို အယောင်ဆောင်ပြီး ရပ်ကွက်နဲ့ စျေးတွေမှာ လှည့်လည်နေတာဖြစ်ပါတယ်။
မိုးကုတ်မြို့ကျပ်ပြင်ရပ်ကွက်နေသူဒေသခံတယောက်က "စစ်သားတွေက ယူနီဖောင်း ဝတ်တဲ့သူ ဝတ်တယ်၊ ဘက်တံဆိပ်မပါဘူး၊ စစ်သားယူနီဖောင်းမဟုတ်ဘူး၊ တခြား ယူနီဖောင်းပဲ။ တခြားစစ်သားတွေကျ အားကစားဝတ်စုံတွေနဲ့။ မသိတဲ့သူက PDF လို့ထင်ကြတာ။ သူတို့ကိုင်တဲ့သေနတ်တွေကတော့ စစ်သားသေနတ်တွေလေ၊ ကြည့်တာနဲ့သိတယ်" လို့ ဆိုပါတယ်။
အနောက်ပိုင်းက ရပ်ကွက်တွေနဲ့ ကျပ်ပြင်စျေးတို့မှာ စစ်ကောင်စီတပ်သား ၁၀ ယောက် ဝန်းကျင်က PDF အယောင်ဆောင် လှည့်လည်နေတာလို့ သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာ သြဂုတ် ၁၅ ရက်နေ့မနက်ပိုင်းက Red Wolves of Mogok အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မြို့ပေါ်တက်ပြီး စစ်ကောင်စီတပ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Red Wolves Of Mogok အဖွဲ့က အခုလို မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က PDF အယောင်ဆောင်ပြီး ယူနီဖောင်းဝတ်ဆင်ထားတာကို ပြည်သူတွေအနေနဲ့သတိထားကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။
"ယူနီဖောင်းက PDF ဝတ်စုံလို့တော့ သိထားရပါတယ်၊ ဘယ်သူ့ဝတ်စုံလဲ ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး" လို့ Red Wolves Of Mogok အဖွဲ့က တပ်ရေးဗိုလ်က ပြောပါတယ်။










