
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့တဲ့ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ လက်ရှိအချိန်အထိ ဘာအကူအညီမှ မရသေးဘူးလို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ တားဆီးကန့်သတ်ဖမ်းဆီးမှုတွေကြောင့်လည်း စစ်ဘေးသင့်ပြည်သူတွေဆီကို အကူအညီတွေ ရောက်ဖို့ခက်ခဲနေတယ်လို့ လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်မှာပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ်ဆွေးနွေးချက်တွေမှာ အရေးကြီးတဲ့တချက်ဖြစ်တဲ့ စစ်ရှောင်ပြည်သူတွေကိုအကူအညီပေးနိုင်ရေးအတွက် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ကို ဇူလိုင် ၁၁ ရက်နေ့မှာ စတင်ဖွဲ့စည်းပြီး ပြည်သူအချင်းချင်းအကူအညီပေးဖို့ကြိုးစားခဲ့တာပါ။
လက်တွေ့အကူအညီပေးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာတော့ စစ်ကောင်စီက ကုန်ပစ္စည်းစီးဆင်းတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ဖမ်းဆီးတာ၊ ငွေကြေးစီးဆင်းတဲ့ လမ်းကြောင်း တွေကို စစ်ဆေးကြပ်မတ်နေတာတွေကြောင့် စစ်ဘေးသင့်ပြည်သူတွေဆီကို အကူအညီတွေ ရောက်ဖို့ ခက်ခဲနေတယ်လို့ဆိုပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ကိုစိုးဝင်းဆွေက "အကြမ်းဖက်စစ်တပ်ဘက်ကနေ နှောင့်ယှက်တားဆီးတာတွေရှိတယ်။ သူတို့နဲ့တိုက်ရိုက်တွေ့တယ်ဆိုရင်တော့ ကျနော်တို့ ပစ္စည်းတွေ သိမ်းဆည်းတာတွေလုပ်တယ်၊ လူတွေဖမ်းဆီးတာတွေရှိတယ်။ လွတ်လွတ်လပ်လပ် ကူညီလို့မရတဲ့အခြေအနေတွေရှိတာပေါ့။ ကျနော်တို့က NUG အစိုးရ လူသားစာနာဝန်ကြီးဌာနနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှာ စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက ပရဟိတအဖွဲ့ပေါင်း ၂၅ ဖွဲ့ ပူးပေါင်းပါဝင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း ချိတ်ဆက်ထားပြီး ပူးပေါင်းဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ သိန်းနဲ့ချီတဲ့ပြည်သူတွေ စစ်ဘေးဒုက္ခခံစား နေတာဖြစ်တဲ့အတွက် ရလာတဲ့အလှူငွေနဲ့ နေရာအနှံ့ရောက်အောင် အကူအညီပေးနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
မင်းကင်းဒေသခံအမျိုးသမီးတစ်ဦးက "မင်းအောင်လှိုင် အာဏာသိမ်းတာကတော့ ဟိုလို နှိပ်စက်သတ်လိုက်၊ ဒီလိုနှိပ်စက်သတ်လိုက်၊ အမျိုးမျိုးအဖုံဖုံ သတ်နေတာ အစ်မတို့ပြည်သူတွေကို၊ ဈေးဝယ်ပြန်တော့ ဈေးဖမ်းလိုက်တယ်။ ကုန်ချယူထားလိုက်တယ်။ အစ်မတို့ပြည်သူတွေမှာ အကိုက်အခဲ နှာစေးချောင်းဆိုးပျောက်ဆေးကစပြီးမှ မဝယ်ရဲဖြစ်နေတာ။ ဘာပစ္စည်းမှ အစ်မတို့ဖြင့် အကူအညီလည်းမရဖူးသေးဘူး။ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် အစ်မတို့ဘက်မှာ သွားကြားထိုးတံတချောင်းတောင် မရဖူးသေးဘူး။ အစ်မတို့ဆီမယ် စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေတဲ့သူတွေ ဘေးရွာကနေရောက်နေတာ ဘယ်သူကမှ အကူအညီလည်း အစ်မတို့မ ရဖူးသေးဘူးကွယ်။ အဖွဲ့ဖွဲ့ထားတယ်လို့လည်း နည်းနည်းတော့ကြားသိရပါတယ်။ ဒီဘက်မှာတွေ ဒုက္ခရောက်နေတဲ့ဟာလေးတွေကိုလည်း ပြောမယ်ဆိုရင် အစ်မတို့ဘက်ကလေးကို လှမ်းပြီးတော့ ကြည့်ပြီးမှရှုပြီးမှ မျှော်ကြည့်လိုက်ကြပါဦး" လို့ပြောပါတယ်။
စစ်ကိုင်းတိုင်း ခန့်မှန်းခြေလူဦးရေ ၅ သန်းကျော်မှာ စစ်ဘေးသင့်ပြည်သူ ၇၆၀၀၀၀ ကျော် အထိရှိနေတယ်လို့ စောင့်ကြည့်လေ့လာတဲ့ အရပ်ဖက်အဖွဲ့တွေက ခန့်မှန်းထားပါတယ်။
Data For Myanmar အဖွဲ့ရဲ့ ဇွန်လဒုတိယအပတ်ထုတ်ပြန်ချက်အရ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ ရွာမီးရှို့မှုကြောင့် စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၅၃၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာကနေ စစ်ကောင်စီကနေ တဆင့် ပေးအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေကိုလည်း စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ပြည်သူတွေမရရှိဘဲ တိုင်းရင်းသားဒေသတချို့မှာသာ ပေးပို့ခွင့် ရတာဖြစ်ပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ကိုစိုးဝင်းဆွေက "ကွန်ရက်ကို ဦးတည်ပြီးတော့ လှူဒါန်းတဲ့ လှူဒါန်းမှုတွေရှိတယ်။ ရရှိလာတဲ့ အလှူငွေကို သိန်း ၅၀ ပြည့်အောင်စုတယ်။ သိန်း ၅၀ ပြည့်မှ တခါ ကူညီမှုလုပ်တယ်ပေါ့။ ဒီလိုပုံစံမျိုးနဲ့ ဆောင်ရွက်တာရှိတယ်။ နောက်တခုက တိုက်ရိုက် ချိတ်ဆက်လှူဒါန်းတာမျိုးရှိတယ်။ ခင်ဦးမြို့နယ်ကိုလှူပေးပါ၊ ဆားလင်းကြီးမြို့နယ်ကိုလှူပေးပါ စသဖြင့် By Name တပ်ပြီးတော့ လာလှူတဲ့ဟာတွေရှိတယ်။ အဲ့လိုဟာတွေကတော့ သက်ဆိုင်ရာ မြို့နယ်ရဲ့ကွန်ရက်အဖွဲ့ဆီကိုပဲ တိုက်ရိုက်လွှဲပေးပြီးတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်တာတွေရှိပါတယ်ဗျ”လို့ ပြောပါတယ်။
စစ်ကိုင်းဖိုရမ်မှာ နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ အထွေထွေဆိုပြီး ကဏ္ဏ ၄ရပ်ခွဲ ဆွေးနွေးခဲ့ပြီး အထွေထွေကဏ္ဏမှာပါဝင်တဲ့ စစ်ရှောင်ကူညီကယ်ဆယ်ရေးကို အကောင်အထည်ဖော်ဖို့ ဒေသခံနိုင်ငံရေးသမားတွေက ကြိုးစားနေတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်း ၂နှစ်ကျော်ကာလအတွင်း အရပ်ဘက်အဖွဲ့တွေက ခန့်မှန်းထုတ်ပြန်တဲ့ စစ်ဘေးရှောင်အရေအတွက်၊ အရပ်သားထိခိုက်သေဆုံးမှုအရေအတွက်စာရင်းမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေတာပါ။စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ တိုင်းအတွင်းကတော်လှန်အင်အားစုတွေစုစည်းနိုင်ရေး၊ တိုင်းအတိုင်ပင်ခံကောင်စီ ပေါ်ပေါက်ရေးတို့ကိုရည်ရွယ်နေပြီး ဒုတိယအကြိမ်စစ်ကိုင်းဖိုရမ် ကျင်းပနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။
သုတချမ်းသာ










