
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ သြဂုတ် ၁၈ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီရဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-S YSO PDF ဆီကနေ သိရပါတယ်။
ပခုက္ကူမြို့၊ စက်မှုဇုန် ၆ လမ်းထိပ်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သြဂုတ် ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြောက်ကျားနည်းစနစ်အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြတာလို့ S YSO-PDF ရဲ့ တာဝန်ခံ ဗိုလ်အောင်မောင်းက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ ဂိတ်အနီးနားပတ်ဝန်ကျင်မှာ လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို မီတာ ၅၀ အကွာလောက်ကနေ လက်ဦးမှုရယူ ပစ်ခတ်ခဲ့လို့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို S YSO PDF၊ ဒေါင်းစစ်သည်အဖွဲ့၊ ဒေါင်းညီနောင်အဖွဲ့နဲ့ YRG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
ပခုက္ကူမြို့နယ်မှာ သြဂုတ် ၁၆ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ၄ ယောက် သေဆုံးကာ ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖဆီကနေ သိရပါတယ်။










