
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဩဂုတ် ၁၇ ရက် ည ၁၁ နာရီကျော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တာကြောင့် ပုလဲမြို့ပေါ် ရပ်ကွက်တိုင်းကို အရပ်ဝတ်တွေနဲ့ ကင်းလှည့်စုံစမ်းတာတွေလည်း ပြုလုပ်နေတယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
ပုလဲမြို့ ပြည်သူ့ကာကွယ်ရေး LPDF သခင်ဒေါင်းညိုအဖွဲ့ရဲ့ တာဝန်ရှိသူက“ပစ်ကြတာတော့ ထွေအုပ်ရုံးကို အဓိကထား ပစ်ကြတာဗျ။ အဲဒီရုံးထဲက အကောင်တွေက မြို့ဝင်၊ မြို့ထွက်ကနေ စောင့်ပြီး နယ်ကလာတဲ့ အရပ်သားတွေကို ဖမ်းဆီးတာတွေလုပ်တယ်။ အဲလိုဖမ်းဆီးပြီး ငွေတောင်းရမ်းတာတွေလည်း လုပ်တယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေရဲ့ သတင်းအချက်အလက် စုဆောင်းတာလည်း လုပ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေက သတိပေးတဲ့အနေနဲ့ ပစ်ခတ်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုတိုက်ပွဲကို ပုလဲမြို့နယ်အတွင်းက တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့တွေနဲ့ သခင်ဒေါင်းညိုအဖွဲ့၊ ဗေဒါအဖွဲ့၊ တိုက်နယ် ၇ အတွင်းက LPDF အဖွဲ့တွေ၊ စကားနက်အဖွဲ့၊ အဘကိုမိုးကြီး ဆားလင်းကြီးအဖွဲ့၊ နွေဦးအဖွဲ့၊ M 7 အဖွဲ့နဲ့ သိမ်းငှက်နီအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဒေသခံ ကာကွယ်ရေးခေါင်းဆာင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။










