DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ် Well2 ရေနံမြေစခန်းနှင့် ရေစကြိုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
August 18, 2023
မြိုင်မြို့နယ် Well2 ရေနံမြေစခန်းနှင့် ရေစကြိုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
1 / 2
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ သြဂုတ် ၁၇ ရက်က စစ်ကောင်စီရဲ့ Well2 ရေနံမြေစခန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

မြိုင်မြို့နယ် Well2 ရေနံမြေစခန်းမှာ အခိုင်အမာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို သြဂုတ် ၁၇ ရက် ည ၁၀ နာရီလောက်ကနေ ၁၈ ရက်နေ့ မနက် ၄ နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုတက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစခန်းမှာက စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၆၀ လောက် အခိုင်အမာ တပ်စွဲထားတာဗျ။ ကျနော်တို့ဘက်က ရှော့တိုက်ဒုန်း ၂၅ လုံး၊ ဒုန်းအီနာဂါဗုံးသီး ၄၀၀ ဂရမ် အလုံး ၆၀၊ ၅ ကီလိုဂရမ် ၁ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူ များပြားနိုင်တယ်။”

ဒါအပြင် အဲဒီ Well2 ရေနံမြေစခန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ ကပစ ဓာတ်အားလိုင်းကိုလည်း ဖြတ်တောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၃၊ တပ်ခွဲ-၅၊ တပ်ခွဲ-၈ နဲ့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာလည်း သြဂုတ် ၁၇ ရက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။

ရေစကြိုမြို့နယ် စိုင်သေကျေးရွာဘက်ကနေ မြေမလှကျေးရွာဘက်ကို စစ်ကြောင်း ၃ ​ကြောင်းခွဲပြီး တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို သြဂုတ် ၁၇ ရက် မနက် ၁၀ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အသင့်စောင့်​ဆိုင်းပြီး တိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး သူတို့ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ခလရ ၂၅၇ ကနေ ဖောကားတစီးနဲ့ စစ်ကူလိုက်လာပြီး သေဆုံးဒဏ်ရာရသူတွေကို လူချိန်းကာ ဆက်တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ညနေ ၄ နာရီလောက်မှာ အသင့်စောင့်ပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရှေ့ဆုံးကတက်လာတဲ့ စစ်(...) ၃ ယောက် လဲကျသွားပြီး သေ၊ မသေ ဆိုတာကိုတော့ မသိရသေးဘဲ အများအပြား ဒဏ်ရာရရှိခဲ့တယ်။ အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း-၉၊ နွေဦးစစ်သည် YSO - ရေလယ်ကျွန်းဒေသ စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူး။”

ရေစကြိုမြို့နယ်မှာ သြဂုတ် ၁၄ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ ဒဏ်ရာရသူတချို့ ရှိတယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013