
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်အရှေ့တောဒေသ၊ ထားဝယ်-ထီးခီးလမ်းပိုင်း သင်္ကန်းတုံးရွာမှာ ဩဂုတ် ၁၆ ရက်က စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ် ထားဝယ်စုပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းက ဩဂုတ် ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဟာ တနာရီခွဲနီးပါးကြာခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေကာ ၂ ဦး ဒဏ်ရာရကြောင်းနဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းဘက်က အထိအခိုက်မရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဩဂုတ် ၁၄ ရက်မှာ အရှေ့တောဒေသကို စဝင်ရောက်ခဲ့ပြီး ဩဂုတ် ၁၅ ရက်က ကျောက်မဲတောင်ရဲစခန်းမှ ပြန်ထွက်လာကာ ဝကုန်းရွာသား ၈ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်ခဲ့ပြီး လမ်းမှာ ၂ ည အိပ်ခဲ့ပါတယ်။
ထားဝယ်စုပေါင်းစစ်ကြောင်းမှူး ဗိုလ်ရက္ခက “သင်္ကန်းတုံးမှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တဲ့စစ်ကြောင်းက ဩဂုတ် ၁၇ မှာ ပကာရီရွာကတဆင့် ထားဝယ်ကို မြေတင်ကား ၃ စီးနဲ့ ပြန်ထွက်သွားပြီ။ ဖမ်းထားတဲ့လူတွေကိုတော့ အကုန်လွှတ်ခဲ့တယ်။ နောက်ထပ်စစ်ကြောင်းတကြောင်းအနေနဲ့ ရေဝိုင်းဘက်က ထပ်ဝင်လာနေတာရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေတာကြောင့် ထားဝယ်-ထီးခီးလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ ဩဂုတ် ၁၆ ရက်ကနေ ၂၀ ရက်အထိ အသုံးမပြုကြဖို့ စစ်ရေး အရေးပေါ်ထုတ်ပြန်ချက်တခုကိုလည်း ထုတ်ပြန်ထားတယ်လို့ ဥဩစစ်ကြောင်း စစ်ကြောင်းမှူး ဦးကျားက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်နဲ့ PDF တွေအကြား မကြာခဏ ထိတွေ့မှုရှိနေပြီး PDF တွေ ထိန်းချုပ်ဧရိယာများတဲ့ အရှေ့တောဒေသကို စစ်ကောင်စီ ဗျောတောဝ ရဲကင်းကလည်း ဆန်သယ်ယူခွင့် လုံးဝပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။