
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ က ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဩဂုတ် ၁၅ ရက် မနက်ပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေလို့ မင်းရွာကျေးရွာကို တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက်မှာ မင်းရွာနဲ့ အနီးကျေးရွာက ဒေသခံ ၃,၀၀၀ နီးပါး အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရတာပါ။
ဩဂုတ် ၁၅ ရက် မနက် ၈ နာရီမှာ မင်းရွာကို တိုက်လေယာဉ် ၂ စီးနဲ့ ပစ်ခတ်စဉ် ကျေးရွာအတွင်းက မြသိန်းတန်ဘုရားကို ထိမှန်ခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံ ၃ လုံး၊ လူနေအိမ် ၇ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁၆ ရက် မနက်ပိုင်းကစပြီး မင်းရွာ၊ ခေါက်ခူ၊ ပန်းထိပ်၊ ရှောက်ပင်ရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ဒေသခံ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ထိတွေ့တိုက်ပွဲကတော့ အပြင်းအထန် ၂ ကြိမ်ဖြစ်ပြီးပြီ။ အခုတော့ စစ်ရေးက ခဏငြိမ်နေတယ်။ အချိန်မရွေး တိုက်ပွဲက ပြန်ဖြစ်နိုင်တော့ ရွာခံတွေကတော့ စစ်ရှောင်နေကြရဆဲပါ” လို့ ပြောပါတယ်။
စစ်ရှောင်တွေဟာ အရေးပေါ်ထွက်ပြေးနေရတဲ့အတွက် နေထိုင်စရာနဲ့ စားစရာ အခက်အခဲတွေလည်း ကြုံနေရပါတယ်။










