
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲတပ်ဖွဲ့ကနေ ရပ်ကွက်တွေထဲက ပျူစောထီးအဖွဲ့ဝင်တွေကို ၁ ရက်လုပ်အားခ ကျပ်ငွေ ၂၀,၀၀၀ စီပေးပြီး နေရာအနှံ့ ဆိုင်ကယ်ဦးထုပ်တွေ နေ့စဥ် ဖမ်းဆီးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆိုင်ကယ်ဦးထုပ်တွေ ဖမ်းဆီးရာမှာ အရင်လို တနေရာတည်းမှာပဲ ဂိတ်ချပြီး ဆိုင်ကယ်တွေ ဖမ်းဆီးတာမျိုး မဟုတ်တော့ဘဲ အုပ်စုအလိုက် အဖွဲ့တွေခွဲကာ မြိတ်မြို့ရှိ မီးပွိုင့်တိုင်းလိုလိုမှာ လိုက်လံဖမ်းဆီးနေကြတာဖြစ်ပါတယ်။
မြို့ခံတဦးက “ သိရသလောက် နှစ်ဖွဲ့ သုံးဖွဲ့လောက် ခွဲပြီးတော့ ဖမ်းတာ။ သူတို့က ယာဥ်ထိန်းရုံးကို သယ်ရတဲ့ ဆိုင်ကယ်တွေကို မောင်းပေးရတယ်။ ပြီးတော့ သူတို့ဖမ်းတဲ့ နယ်နိမိတ်ထဲ ဝင်လာမယ့် ဆိုင်ကယ်တွေကို စောင့်ကြည့်ပြီး ဖမ်းဆီးပေးရတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးမိတဲ့ ဆိုင်ကယ်တွေကိုလည်း ပုံမှန်အားဖြင့် ဆိုင်ကယ်ဦးထုပ် မဆောင်းလာတာမျိုးနဲ့ ယာဉ်မောင်းလိုင်စင် မပါလာရင် ဆိုင်ကယ် တစီးကို ဒဏ်ငွေ ၅၀,၀၀၀ ပေးဆောင်ခိုင်းပြီး ပြစ်ဒဏ်ကြီးရင် ကြီးသလောက် ဒဏ်ငွေပေးဆောင်ရတယ်လို့ သိရပါတယ်။
နောက်ထပ် မြို့ခံပြည်သူတဦးကတော့ “ဆိုင်ကယ်ဖမ်းတဲ့ပုံက နေသာတဲ့အချိန်ဆို သွားဖို့လမ်းမရှိအောင်ကို ဖမ်းတာ။ အရင်ကဆို တနေရာဆို တနေရာပဲ ဖမ်းတယ်။ ခုက နေရာစုံ လိုက်ဖမ်းနေတာ။ ဖမ်းမိရင်လည်း ဆိုင်ကယ်ဦးထုပ်နဲ့ ယာဉ်မောင်းလိုင်စင် နှစ်ခုစလုံးမပါရင် ၅၀,၀၀၀ ပေးရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဆိုင်ကယ်ဖမ်းဆီးတဲ့ နေရာတချို့မှာ ယာဥ်ထိန်းရဲတွေနဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်တချို့ကို တွေ့ရသလို တချို့နေရာတွေမှာလည်း ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တွေကို စောင့်ကြည့်ပြီး ဖမ်းဆီးတဲ့ အရပ်ဝတ်လူတချို့ကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက် ည ၈ နာရီလောက်က မြိတ်တောင်နယ်မြေ အရှေ့သိမ်ကျောင်းအနီးမှာ ဆိုင်ကယ် နှစ်ယောက် တစီး မောင်းနှင်လာသူ အများအပြားကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖမ်းဆီးခံရသူတွေကို ညတွင်းချင်း လာရောက်ထုတ်ယူရင် တယောက်ကို ငွေကျပ် ၃ သိန်းစီ ပေးဆောင်ခိုင်းပြီး နောက်တရက်မှ သွားရောက်ထုတ်ယူပါက ဖမ်းခံရသူတွေကို ရိုက်နှက် နှိပ်စက်ခံထားတာကို တွေ့ရတဲ့အပြင် ငွေ ကျပ် ၁ သိန်းစီလည်း ပေးဆောင်ခဲ့ရတယ်လို့ မြိတ်တောင်ကျေးရွာနေသူတဦးထံက သိရပါတယ်။