Home
မြန်မာသတင်း
မြိတ်မြို့တွင် အခေါက်ရွှေတကျပ်သား ကျပ်သိန်း ၄ဝ နီးပါးထိမြင့်တက်
DVB
·
August 18, 2023
368255805_130784770092039_8083989997239116650_n

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ရွှေစျေးကွက်မှာ အခေါက်ရွှေတကျပ်သားကို ကျပ်သိန်း ၄၀ နီးပါးအထိ မြင့်တက်လာပြီး ရွှေအရောင်းအဝယ်တွေ ကျဆင်းနေတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့တပတ်အထိ မြိတ်မြို့ ရွှေစျေးကွက်မှာ အခေါက်ရွှေ တကျပ်သားကို ၃၆ သိန်း ၇ သောင်းကျပ်ကြား ရှိခဲ့ပြီး အခု သြဂုတ် ၁၆ ရက်မှာတော့ ၃၈ သိန်း ၆ သောင်းအထိ စျေးနှုန်းမြင့်တက်လာတယ်လို့ ရွှေအရောင်းဆိုင်တချို့က ပြောပါတယ်။

ရွှေဆိုင်လုပ်ငန်းရှင်တဦးက “စျေးက တရက်တရက်ကို သိန်းဂဏန်းလောက်ထိကို တက်လာတယ်။ ဘဏ်တွေပိတ်ပင်တဲ့ကိစ္စနဲ့ နှစ်သောင်းတန်ငွေကိစ္စတွေကြောင့် လူတွေက လိုက်ဝယ်ကြတော့၊ အဲဒါ ဝယ်လိုအားများလာတော့ စျေးမကျဘဲ တက်လာတယ်။ ဒေါ်လာစျေးတို့ ယိုးဒယားဘတ်စျေးတို့ တက်လာတာတွေပေါ် မူတည်ပြီးတော့ စျေးတွေ တက်လိုက်လာတာပေါ့” လို့ ပြောပါတယ်။

ရွှေဈေးတက်လာရတာက ကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး ရွှေဝယ်ယူစုဆောင်းသူတွေ များပြားလာတာကြောင့် ဝယ်လိုအားများလာတဲ့အတွက် ရွှေစျေးနှုန်းတွေ တက်လာတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ရွှေစျေးတန်ဖိုး မြင့်တက်လာတာကြောင့် ရွှေဝယ်သူတွေအနေနဲ့  ရွှေဝယ်ယူရာမှာ စိတ်တိုင်းမကျတာတွေ ရှိလာပြီး အခုရက်ပိုင်း အရောင်းအဝယ် ကျဆင်းလာတယ်လို့ ဆိုပါတယ်။

“ဈေးတက်လာတော့‌ ရွှေဝယ်တဲ့ဝယ်လက်တွေက နည်းနည်းစဉ်းစားကုန်တာပေါ့။ စိတ်တိုင်းမကျတာမျိုး ဖြစ်လာတာ‌ပါ” လို့ သူက‌ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်က အခေါက်ရွှေတကျပ်သားကို ကျပ် ၃၂ သိန်း ၅ သောင်းဝန်းကျင်သာ ရှိခဲ့ပြီး သြဂုတ်လအလယ်လောက်ကစပြီးတော့ ရွှေတန်ဖိုး ဆက်တိုက်မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ယိုးဒယားရွှေတွေဖြစ်တဲ့ ၉၆၅၊ ၉၉၉၉ တို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း မြိတ်စျေးကွက်မှာ ထိုင်းရွှေတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်ကစပြီး လက်ရှိအချိန်ထိ အရောင်းအဝယ် ရပ်နားထားကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024