
အမေရိကန်ဗဟိုဘဏ် (Fed) ရဲ့ အတိုးနှုန်းမူဝါဒအပေါ် စိုးရိမ်မှုတွေကြောင့် ဒေါ်လာတန်ဖိုး အားကောင်းလာပြီး ကမ္ဘာ့ရွှေဈေး ကျဆင်းနေရာကနေ ပြည်တွင်းအခေါက်ရွှေဈေးဟာလည်း ကျပ် ၉၇ သိန်းဝန်းကျင်အထိ ပြန်လည်ကျဆင်းလာပါတယ်။
ဇွန်လ တတိယပတ်အတွင်းက တကျပ်သားကို ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ရှိခဲ့တဲ့ ပြည်တွင်း အခေါက်ရွှေဈေးဟာ လက်ရှိမှာတော့ ကျပ် ၉၇ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေတာပါ။
ကမ္ဘာ့ရွှေဈေးဟာလည်း ရက်ပိုင်းအတွင်း တအောင်စကို အမေရိကန်ဒေါ်လာ ၄,၀၀၀ အောက်အထိ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေး ကျဆင်းရတာကတော့ Fed က အတိုးနှုန်းတွေ ဆက်လက်မြှင့်တင်နိုင်တဲ့ အလားအလာအပေါ် ဈေးကွက်က စိုးရိမ်နေကြတာကြောင့် ဖြစ်ပါတယ်။ အဲဒီအခြေအနေကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုး အားကောင်းလာပြီး ရင်းနှီးမြှုပ်နှံသူတွေက ရွှေထက် ဒေါ်လာကို ပိုမိုဝယ်ယူကိုင်ဆောင်လာကြတာလို့ လေ့လာသူတွေက ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်–အီရန် တင်းမာမှု လျော့နည်းလာတာကြောင့် ရေနံဈေးနှုန်းတွေ ကျဆင်းလာခဲ့သလို ငွေကြေးဖောင်းပွမှု ဖိအားတွေလျော့ကျလာတာက ရွှေဝယ်လိုအားကို လျော့နည်းစေတဲ့ အချက်တချက် ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ရွှေဈေး သိသိသာသာ ကျဆင်းလာနေချိန်မှာ ပြည်တွင်းရွှေဈေးကတော့ ကျပ် ၉၇ သိန်းဝန်းကျင်မှာသာ အကျနည်းနည်းနဲ့ ရပ်တန့်နေပါတယ်။
အဲဒီလို ဖြစ်နေရတာက ပြင်ပဒေါ်လာဈေး ပြန်လည်မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဈေးကွက်အတွင်း သုံးသပ်နေကြပါတယ်။
ဇွန်လ တတိယပတ်အထိ မေရိကန်တဒေါ်လာကို ကျပ် ၄,၂၂၀ မှ ၄,၃၃၀ ဝန်းကျင်သာ ရှိခဲ့ရာက လက်ရှိမှာတော့ ကျပ် ၄,၃၈၀ မှ ၄,၄၈၀ အထိ မြင့်တက်လာပါတယ်။
ဒေါ်လာဈေး မြင့်တက်လာမှုက ကမ္ဘာ့ရွှေဈေးကျဆင်းတဲ့ သက်ရောက်မှုကို တစိတ်တပိုင်း ပြန်လည်ထိန်းညှိပေးသလို ဖြစ်နေပြီး ပြည်တွင်းအခေါက်ရွှေဈေးကိုလည်း ကျပ် ၉၇ သိန်းဝန်းကျင် ဈေးတန်းမှာ ထိန်းထားနိုင်စေခဲ့တာလို့ ဈေးကွက်အတွင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
လေ့လာစောင့်ကြည့်သူတွေကတော့ အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒ အပြောင်းအလဲဟာ ကမ္ဘာ့ရွှေဈေးအပေါ် ဆက်လက် သက်ရောက်နိုင်သေးတာကြောင့် ပြည်တွင်းရွှေဈေးဟာလည်း လာမယ့်ရက်ပိုင်းတွေအတွင်း အတက်အကျ ဆက်ရှိနေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။










