
ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်တဒေါ်လာကို ကျပ် ၄,၈၀၀ ဝန်းကျင်အထိ အောက်တိုဘာ ၁၅ ရက်နေ့က မြင့်တက်လာပါတယ်။
အောက်တိုဘာ ၁၄ ရက်က တဒါ်လာကို ကျပ် ၄,၆၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဒေါ်လာဈေးဟာ တရက်အတွင်း ကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။
အခုလို ဒေါ်လာဈေး ထိုးတက်လာချိန်မှာ ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းဖို့ ဗဟိုဘဏ်ထံက ကျပ် ၂,၁၀၀ ဘီလီယံ ချေးယူမဲ့အစီအစဉ်နဲ့ ဘယ်လာရုစ်နိုင်ငံက ပို့ကုန်ချေးငွေရယူမဲ့ကိစ္စတွေကို စစ်အာဏာရှင်ဩဇာခံ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့သတင်းတွေ ထွက်ပေါ်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဒီအခြေအနေတွေကြောင့် ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းဖို့ ငွေစက္ကူတွေ ရိုက်ခတ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ဒေါ်လာဈေးမာတာလည်း ဖြစ်နိုင်တယ်လို့ ငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက သုံးသပ်ပါတယ်။
လက်ရှိမှာ ဗဟိုဘဏ်သတ်မှတ်ဒေါ်လာဈေး ကျပ် ၂,၁၀၀ နဲ့ အွန်လိုင်းထရိတ်ဒင်းဈေး ကျပ် ၃,၆၆၀ တို့ဟာ ပြင်ပပေါက်ဈေးထက် များစွာနိမ့်နေပြီး ဈေးကွက် ၃ ခုကြား ကွာဟချက် ကြီးမားနေဆဲ ဖြစ်ပါတယ်။
ဒေါ်လာဈေး ဆက်လက်မြင့်တက်လာမယ်ဆိုရင် ပြည်ပကနေ တင်သွင်းရတဲ့ စက်သုံးဆီ၊ စားအုန်းဆီနဲ့ တခြားကုန်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်အပေါ် သက်ရောက်လာနိုင်ပြီး ဈေးနှုန်း မြင့်တက်လာနိုင်ပါတယ်။
သွင်းကုန်စရိတ် မြင့်တက်လာမှုဟာ နောက်ဆုံးမှာ ပြည်တွင်းကုန်ဈေးနှုန်းတွေအပေါ် သက်ရောက်နိုင်တာကြောင့် ဒေါ်လာဈေးအပြောင်းအလဲဟာ ငွေကြေးဈေးကွက်တခုတည်းအတွက် သာမက ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းအတွက်ပါ စောင့်ကြည့်ရမဲ့ အခြေအနေတခု ဖြစ်လာပါတယ်။
တဖက်မှာ ကမ္ဘာ့ရွှေဈေးဟာလည်း အောက်တိုဘာ ၁၄ ရက်မှာ တအောင်စကို ၄,၀၈၆ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ရာကနေ မနေ့က ၄,၁၅၀ ဒေါ်လာအထက် ပြန်လည်မြင့်တက်လာပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေး ပြန်တက်လာတာကို ပြည်တွင်းရွှေဈေးက အပြည့်အဝ လိုက်ပါလာတာတော့ မတွေ့ရပါဘူး။
နောက်ဆုံးရရှိထားတဲ့ ပြည်တွင်းရွှေဈေးမှတ်တမ်းအရ ၁၆ ပဲရည်တကျပ်သား အရောင်းဈေးဟာ မနေ့ ညနေပိုင်းမတိုင်ခင် ၁၀၄ သိန်းအထိ မြင့်တက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ၁၀၃ သိန်းခွဲဝန်းကျင်အထိ ပြန်ကျလာပါတယ်။
ဈေးကွက်အတွင်း အမြတ်ယူရောင်းချမှုတွေ များပြားခဲ့သလို အရေးယူခံရနိုင်တဲ့ စိုးရိမ်မှုတွေကြောင့်လည်း အခုလို ဈေးချပြထားတာဖြစ်နိုင်တယ်လို့ ဈေးကွက်အတွင်း သုံးသပ်မှုတွေ ရှိနေပါတယ်။











