DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင်များ ကလေးအသေမွေးဖွားနှုန်းများနေ 
DVB
·
August 18, 2023
မကွေးတိုင်းအတွင်း စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင်များ ကလေးအသေမွေးဖွားနှုန်းများနေ 
Donate to DVB

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်တွေကို စစ်ကောင်စီတပ်က ဖြတ်လေးဖြတ်နဲ့ ပိတ်ဆို့အရေးယူနေလို့ ကိုယ်ဝန်ဆောင်မိခင်တွေ အစာအဟာရချို့တဲ့ပြီး သားဖွားချိန်မှာ ကလေးသေဆုံးမှုနှုန်း ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ကိုယ်ဝန်ဆောင်တွေနဲ့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ Myanmar SCM-MAGWAYအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီး ၂နှစ်ခွဲကျော်ကာလအတွင်း မင်းဘူးခရိုင်မှာ စစ်ရှောင်ပြည်သူ ထောင်နဲ့ချီရှိပြီး အဲ့ဒီထဲကမှ ကိုယ်ဝန်ဆောင် မိခင်တွေဟာ သောက်သုံးရေ ကောင်းစွာမရရှိတာ၊ ဆေးဝါးမလုံလောက်တာနဲ့ စားနပ်ရိက္ခာ မပြည့်စုံတာတွေကြောင့် မီးဖွားချိန်မှာ ကလေးအသေမွေးဖွားမှုနှုန်း များပြားနေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေသူ Myanmar SCM-MAGWAY တာဝန်ရှိသူ ကိုနေမွန်က "ဆန်ဆီဆားကို ကျနော်တို့ဘက်မှာ အိမ်ထောင်စုဇယားပြပြီး အကန့်အသတ်နဲ့ ဝယ်ရတာ။ ဆေးဝါးသယ်ယူခွင့်ကမရဘူး။ ကိုယ်ဝန်ဆောင်တွေလည်း စစ်ရှောင်စခန်းမှာပဲနေကြရတယ်။ မျှစ်ကိုပဲ အားထားပြီးစားရတယ်။ စခန်းက ကျွေးမွေးတာနဲ့ပဲ ရပ်တည်ရတာ။ ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားချိန်မှာ ကလေးသေဆုံးမှုက ၁၀ ဦးမှာ ၆ ဦးအထိ ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ အစားအသောက်၊ ဆေးဝါးနဲ့သောက်သုံးရေ ကောင်းစွာမရရှိတဲ့အတွက် ကလေးအသေမွေးဖွားနှုန်း မြင့်တက်နေတာဖြစ်ပြီး ကလေးမီးဖွားချိန်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေး သေဆုံးတာလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ရှောင် ကိုယ်ဝန်ဆောင်မိခင်တဦးက "အစားအသောက်ကလည်း လှူဒါန်းကြသူတွေနဲ့ ကူညီပေးတဲ့သူတွေရဲ့ အစီအစဉ်နဲ့ စားသောက်ရတာပါ။ သူတို့လည်း အလှူငွေရရှိမှုနဲ့အဆင်ပြေအောင် ဆောင်ရွက်ပေးနေရတာ။ အားဆေးတို့ အာဟာရရှိတာတွေ စားသောက်ရဖို့ကျ အလှူရှင်ရှိမှပဲ အဆင်ပြေတာ။ အခုတော့ သောက်သုံးရေတောင် အဆင်မပြေဘူး။ စိုက်ပျိုးရေ ဆည်ရေတောင်မရတော့ ရေသောက်ဖို့အတွက်ကို မိုးရေကိုပဲ အားထားသောက်နေရတယ်။ မွေးခါနီးလေ ကြောက်စိတ်က ပိုများလေ ဖြစ်နေတယ်" လို့ ပြောပါတယ်။

စလင်းမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နေထိုင်တယ်ဆိုပြီး စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လူငယ်လူလတ်ပိုင်းတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိတဲ့အတွက် ပြည်သူတွေစစ်ရှောင်နေကြတာ ၁ နှစ်ကျော် ရှိပြီဖြစ်ပြီး ဘေးလွတ်ရာ တောထဲတွေမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ စလင်းမြို့နယ် ကင်ပွန်ခြုံစစ်ရှောင်စခန်းကို Myanmar SCM-MAGWAY အဖွဲ့နဲ့ Federal Corner အဖွဲ့တို့ ပူးပေါင်းပြီး ဆေးဝါးနဲ့အာဟာရပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013