
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ သြဂုတ် ၁၇ ရက် မနေ့ညပိုင်းက Green City KTV နဲ့ စားသောက်ဆိုင် မန်နေဂျာတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ညက လုံးခင်းကျေးရွာ အမှတ် ၁ ရပ်ကွက် မှာရှိတဲ့ Green City KTV နဲ့ စားသောက်ဆိုင်ကို ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဆိုင်မန်နေဂျာကို သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်ပါတယ်ယ်။
ဒေသခံ အမျိုးသားတစ်ဦးက "ည ၁၀ နာရီလောက် ကောင်လေး နှစ်ယောက် ဆိုင်ကယ်နဲ့လာပြီး မန်နေဂျာကို သေနတ်နဲ့ ပစ်သွားတာ။ ပုံမှန်အတိုင်းပဲ ဆိုင်ကယ်သမားတွေ လာနေကျဆိုတော့ ဘယ်သူမှလည်း သူတို့ကို သိပ်ဂရုစိုက်မနေဘူး။ အဲ့ဒါ ဆိုင်ကယ်နဲ့လာပြီး မန်နေဂျာကို သေနတ်နဲ့ ၄ ချက်ပစ်သတ်သွားတယ်" လို့ ပြောပါတယ်။
ဆိုင်မန်နေဂျာရဲ့ ရုပ်အလောင်းကိုတော့ လူမှုကူညီရေးအသင်း မော်တော်ယာဉ်နဲ့ ဖားကန့်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။
ဖားကန့်မြို့နယ်မှာ ဇူလိုင် ၈ ရက်ကလည်း ရှင်းရှင် KTV နဲ့ ဟိုတယ်ပိုင်ရှင် အမျိုးသမီးတယောက်ကို အမည်မသိ သေနတ်သမားတွေက ခေါ်ဆောင်သွားပြီး သေနတ်နဲ့ပစ်သတ်ကာ အလောင်း စွန့်ပစ်ထားခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မှာ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့အလောင်းစွန့်ပစ်မှု အနုကြမ်းစီး၊ ဓားပြတိုက်၊ လုယက်၊ သတ်ဖြတ်၊ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပေမဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။