DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ် တကြိမ်ထက်မက ရွေးခွင့်ရှိမရှိ အခြေခံဥပဒေတရားရုံး ဆုံးဖြတ်မည်မဟုတ်
DVB
·
August 17, 2023
ထိုင်းဝန်ကြီးချုပ် တကြိမ်ထက်မက ရွေးခွင့်ရှိမရှိ အခြေခံဥပဒေတရားရုံး ဆုံးဖြတ်မည်မဟုတ်
Donate to DVB

ထိုင်းလွှတ်တော်ထဲမှာ ဝန်ကြီးချုပ်လောင်းတယောက် အနေနဲ့ တကြိမ်ထက်မက ဝင်ရောက်ရွေးချယ်ခွင့် ရှိ မရှိ အခြေခံဥပဒေနဲ့ လွှတ်တော်အစည်းအဝေးပြဋ္ဌာန်းချက် ပုဒ်မကြား အဓိပ္ပာယ်ဖွင့်ဆိုမှု အငြင်းပွားစရာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲအများဆုံး အနိုင်ရထားတဲ့ Move Forward Party (MFP) ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်ဟာ ဇူလိုင် ၁၃ ရက်က ပထမအကြိမ် ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ပွဲမှာ ပြိုင်ဘက်မရှိ အရွေးကောက်ခံခဲ့ပေမဲ့ အထက်လွှတ်တော်အမတ် အများစုထံက ထောက်ခံမဲ မရခဲ့တဲ့အတွက် ဝန်ကြီးချုပ်ရွေးပွဲ မအောင်မြင်ခဲ့ပါဘူး။

ဇူလိုင် ၁၉ ရက်မှာ ဒုတိယအကြိမ် ပြန်လည်အရွေးခံဖို့ လွှတ်တော်ထဲ ဆွေးနွေးရာမှာ ဖိထားကို ထောက်ခံတဲ့ဘက်ကတော့ အခြေခံဥပဒေအရ ထပ်မံအရွေးခံခွင့်ရှိတယ်လို့ ပြောပြီး သူ့ကို မထောက်ခံတဲ့ဘက်ကတော့ လွှတ်တော်အစည်းအဝေး လုပ်ထုံးလုပ်နည်းအရ ယတိပြတ် ဆုံးဖြတ်ပြီးသားကိစ္စ ပြန်ဆွေးနွေးလို့မရ (နောက်တကြိမ် ပြန်အရွေးခံလို့မရ) လို့ ပြောတာကြောင့် လွှတ်တော်ဥက္ကဋ္ဌက မဲစနစ်နဲ့ အနိုင်အရှုံး သတ်မှတ်ခဲ့ပါတယ်။ အဲဒီမှာ အထက်လွှတ်တော်အမတ် အများစုပါတဲ့ဘက်က မဲပိုများတာကြောင့် ဝန်ကြီးချုပ် ထပ်ပြီး အရွေးချယ်ခံခွင့် မရှိတော့ပါဘူး။

ဥပဒေကျွမ်းကျင်သူတွေဘက်ကတော့ အခြေခံဥပဒေအရသာ ဆုံးဖြတ်ရမယ်။ လွှတ်တော်သည် အခြေခံဥပဒေအထက်မှာ မရှိရလို့ ထောက်ပြဝေဖန်ခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အခြေခံဥပဒေတရားရုံးအနေနဲ့ ပြန်လည်စိစစ်ပေးဖို့ ရှေ့နေနဲ့ လွှတ်တော်အမတ်တွေပါတဲ့ လူပေါင်း ၃၃ ဦးဟာ နိုင်ငံတော်စိစစ်ရေးဌာနကနေတဆင့် အခြေခံဥပဒေတရားရုံးကို လျှောက်ထားခဲ့ပါတယ်။

မနေ့ ဩဂုတ် ၁၆ ရက်မှာတော့ အခြေခံဥပဒေတရားရုံးအနေနဲ့ အဲဒီကိစ္စကို စိစစ်ဆုံးဖြတ်မှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းမှာ လျှောက်ထားသူဟာ နစ်နာတဲ့ ကာယကံရှင် (ဖိထား) မဟုတ်ဘဲ အပြင်လူတွေကသာ လျှောက်ထားခြင်းဖြစ်တယ်၊ လွှတ်တော်အစည်းအဝေးက စီရင်ဆုံးဖြတ်လိုက်တဲ့ အကြောင်းအရာတခုဟာ တစုံတယောက်ကို လူ့အခွင့်အရေး ဆုံးရှုံးစေတာ၊ တရားမျှတမှု မရှိတာလို့ ယူဆပါက အခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ပေးဖို့ ကာယကံရှင်ကိုယ်တိုင် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဆိုလိုရင်းမှာ ဝန်ကြီးချုပ် တကြိမ်ထက် ရွေးခွင့်ရှိမရှိ လွှတ်တော်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်မှ အခြေခံဥပဒေတရားရုံးကို တိုင်ကြားဖို့ ဖြစ်ပါတယ်။

MFP ပါတီ လွှတ်တော်ကိုယ်စားလှယ် အများစုပါတဲ့ တိုင်ကြားသူတွေဘက်ကတော့ သူတို့အနေနဲ့ ဖိထားရယ်လို့မှမဟုတ်ဘဲ နောင်လာမယ့် ဝန်ကြီးချုပ်ရွေးပွဲတွေအတွက် တိကျရှင်းလင်းတဲ့ သတ်မှတ်ချက်တခုရဖို့ တိုင်ကြားရတာလို့ ဆိုပါတယ်။

တကယ်လို့ ဖိထားက သူ့အနေနဲ့ မတရားခံရကြောင်း တိုင်ကြားတယ်ဆိုရင် အခြေခံဥပဒေ တရားရုံး ဆုံးဖြတ်ချက် ထပ်မံစောင့်ဆိုင်းရမှာမို့ ဖွေ့ထိုင်းပါတီက အစိုးရဖွဲ့ဖို့ ကြိုးစားနေတဲ့ ဝန်ကြီးချုပ်ရွေးပွဲလည်း ထပ်မံနောက်ဆုတ်သွားရမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ထပ်ပြီး အရွေးခံလို့ရတယ်လို့ ဆုံးဖြတ်ရင်တောင်မှ ဖိထားအနေနဲ့ သူတို့လုပ်ပိုင်ခွင့်လွှဲပေးလိုက်တဲ့ ဖွေ့ထိုင်းပါတီ ဝန်ကြီးချုပ်နဲ့ ပြိုင်ပြီး အရွေးခံဖို့ မဖြစ်နိုင်တော့ပါဘူး။

ထိမ်းဖိထားဘက်ကလည်း သူ့အနေနဲ့ ဒီကိစ္စ တိုင်ကြားမှာမဟုတ်ကြောင်း၊ ဒါဟာ လွှတ်တော်ထဲမှာ ဆွေးနွေးဆုံးဖြတ်လို့ရတဲ့ကိစ္စပဲလို့ ပြောပါတယ်။

MFP ပါတီ ပြောရေးဆိုခွင့်ရှိသူ ရန်းဆီမန်းရူမ်းကတော့ ဒီကိစ္စကို လာမယ့် ဩဂုတ် ၁၈ ရက် လွှတ်တော်အစည်းအဝေးမှာ ပြန်လည်ဆွေးနွေးဖို့ တင်ပြသွားမယ်လို့ ဆိုပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ နိုင်းဝမ်းမိုဟာမက်နော်မထာကတော့ ဒီကိစ္စ ပြီးခဲ့တဲ့ ၁၉ ရက်နေ့တုန်းက  လွှတ်တော်အစည်းအဝေး လုပ်ထုံးလုပ်နည်းနဲ့အညီ မဲခွဲဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်၊ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက် ရှင်းရှင်းလင်းလင်းဖြစ်ဖို့ ၁၇ ရက်နေ့ (ဒီကနေ့) ညနေပိုင်းမှာ ဥပဒေရေးရာ ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ ဩဂုတ် ၂၂ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ တတိယအကြိမ် ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်ပွဲ လုပ်မယ်လို့ မနေ့က သတင်းထောက်တွေကို ပြောသွားပါတယ်။

အစိုးရကို ဦးဆောင်ဖွဲ့စည်းမယ့် ဖွေ့ထိုင်းပါတီဟာ သူတို့ပါတီထဲက ခွန်ဆေထာထဝီးဆင်ကို ဝန်ကြီးချုပ်အဖြစ် အ‌‌ေရွးချယ်ခံမယ်။ ပုဒ်မ ၁၁၂ ဘုရင့်နန်းတော်ဥပဒေကို ပြင်ဆင် ရုပ်သိမ်းဖို့ မူဝါဒ မရှိတာကြောင့် အထက်လွှတ်တော်အမတ်တွေဆီက လုံလောက်တဲ့ မဲအရေအတွက် ရမယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့ တဖက်ကလည်း ခွန်ဆေထာထဝီးဆင်ဟာ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းမှာ ဘတ်သန်းပေါင်း ၅၅၀ အစိုးရကိုသွင်းမယ့် အခွန်ရှောင်ထားတယ်လို့ ကိုယ်ရေးရာဇဝင် ပြန်ဖော်တာ ခံနေရသလို သူတို့ပါတီ မဲဆွယ်စဉ်က ပုဒ်မ ၁၁၂ ကို ပြင်မယ်လို့ ပြောထားတဲ့ သက်သေ၊ စစ်အာဏာရှင်ဟောင်းပါတီနဲ့ ပေါင်းမှာမဟုတ်ဘူးဆိုတဲ့ သက်သေတွေလည်း လူမှုကွန်ရက်မှာ ပြန်ပြီး ဖော်ထုတ်နေကြပါတယ်။

တတိယအကြိမ် ဝန်ကြီးချုပ်ရွေးပွဲမှာ ဆေထာထဝီးဆင် အရွေးမခံရပါက ရွေးကောက်ပွဲမှာ တတိယမဲအများဆုံး ရထားတဲ့ ဖုမ်ကျိုင်ထိုင်း (ယခင်အာဏာဟောင်း) ပါတီခေါင်းဆောင် အနုထင်း ချန်းဝီလကွန်း တက်လာမယ်။ သူကတော့ စစ်အာဏာရှင်ဘက်က ဖြစ်တာကြောင့် အထက်လွှတ်တော်အမတ်တွေဆီက လုံးဝ ထောက်ခံမဲရဖို့ သေချာပြီး ထိုင်းနိုင်ငံဟာလည်း စစ်အာဏာရှင်ဘက်တော်သားဘက်ကို ပြန်ရောက်သွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ထားပါတယ်။

နန်းမြနဒီ

ကိုးကား - Thairath / TNN / MCOT

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013