DVB Logo
Home
မြန်မာသတင်း
ယင်းမာပင် ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ၊ ကလေးမြို့ သာစည်ရွာကို စစ်တပ်မီးရှို့
DVB
·
August 17, 2023
ယင်းမာပင် ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ၊ ကလေးမြို့ သာစည်ရွာကို စစ်တပ်မီးရှို့
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်ကောင်စီက အင်အား ၁၀၀ နီးပါးနဲ့ ဒီနေ့ ဩဂုတ် ၁၇ ရက် မနက်က စစ်ကြောင်းစထိုးတာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြာင်းဟာ ယင်းမာပင်မြို့နယ် စေသူရွာကနေ ဩဂုတ် ၁၆ ရက် နေ့ခင်းပိုင်းက စတင်ကာ စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်ဒေသခံ ပြည်သူတဦးက “သူတို့က မနေ့ညတုန်းက ကျောက်ကုန်းရွာမှာ ညအိပ်တပ်စွဲ ညအိပ်နေတယ်ပေါ့။ ဒီနေ့မနက်ခင်းကြတော့ ကနီမြို့နယ် နွားခြံကုန်းရွာဘက်ကို ထပ်ပြီး စစ်ကြောင်းထိုးလာတော့ အခု စစ်ရှောင်နေတဲ့ နေရာကနေ ထပ်ထွက်ပြေးရတာပေါ့ဗျာ။ လက်နက်တွေနဲ့လည်း ပစ်တယ်။ နမခစစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အခုထိ ပစ်နေဆဲဗျ။ မြေပြင်စစ်တပ်ကတော့ သူတို့ရှိတဲ့အင်အားတွေ ဖြန့်ပြီးတော့ နွားခြံကုန်းရွာဘက်ကို စစ်ကြောင်းထိုးနေတယ်။ ကျနော်တို့ ကျောက်ကုန်းရွာကတော့ ဩဂုတ်လ ၇ ရက်နေ့ကစပြီး ဒီနေ့အထိ ရွာကနေ ထွက်ပြေးနေရတာပါဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နဘူးတောရွာအပြင်မှာ စစ်ရှောင်နေတဲ့ ပြည်သူတဦး ‌ေခြ‌ေထာက် ကျည်စထိမှန်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်စီစစ်ကြောင်းထိုးလို့ နေရပ်စွန့်ခွာနေကြရတဲ့ ကျေးရွာတွေဟာ ကျောက်မှော်‌ကျေးရွာအုပ်စုအတွင်းက ‌ကြက်ရှာ၊ ကျောက်ကုန်း၊ အင်းပတ်၊ နဘူးတော၊ နွားခြံကုန်း ကျေးရွာတွေ အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ထောင်နဲ့ချီ ပြည်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး သာစည်ကျေးရွာက ဒေသခံနေအိမ်တွေကို စစ်ကောင်စီ ပူးပေါင်းတပ်တွေက မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၆ ရက် မနက်ပိုင်းနဲ့ ည‌နေပိုင်းမှာ စစ်ကောင်စီတပ်က ကျေးရွာမြောက်ပိုင်းနဲ့ အနောက်ပိုင်းက နေအိမ်တွေကို မီးရှို့နေတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတဲ့ နေအိမ်အရေအတွက်ကို မသိရသေးကြောင်း၊ အရင်က မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်‌တွေ ရှိခဲ့ကြောင်း သာစည်ရွာခံတဦးက ပြောပါတယ်။

သာစည်ကျေးရွာမှာ အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၃,၀၀၀ ကျော် နေထိုင်တယ်လို့ သိရပြီး ဩဂုတ် ၁၅ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီက သာစည်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

လက်ရှိမှာ သာစည်ရွာ အပါအဝင် ဇင်းကလင်းရွာ၊ ချင်းဆိုင်ရွာနဲ့ ရေလဲဦးရွာက ဒေသခံ ၄,၀၀၀ ကျော်ဟာလည်း ကလေးမြို့ပေါ်နဲ့ ဘေးလွတ်ရာဒေသတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

ဇွန် ၂၅ ရက်ကလည်း စစ်ကောင်စီက သာစည်ကျေးရွာက ဒေသခံနေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013