DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်အတွင်း စစ်တပ်ရိက္ခာတင်သင်္ဘောများနှင့် မိုးကုတ် ကျပ်ပြင်ရဲစခန်း တိုက်ခိုက်ခံရ 
DVB
·
August 17, 2023
ဧရာဝတီမြစ်အတွင်း စစ်တပ်ရိက္ခာတင်သင်္ဘောများနှင့် မိုးကုတ် ကျပ်ပြင်ရဲစခန်း တိုက်ခိုက်ခံရ 
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဧရာဝတီမြစ်အတွင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၉ စီးကို သြဂုတ် ၁၆ ရက် မနက် ၆ နာရီလောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ရွှေကူမြို့နယ်ကနေ ဗန်းမော်မြို့သို့ ဆန်တက်လာတဲ့ စစ်ကောင်စီတပ် သင်္ဘော ၉ စီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝက်မကျေးရွာအနီးမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် သင်္ဘော နှစ်စီး ထိမှန်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ရွှေကူက တက်လာတဲ့  စစ်သင်္ဘောတွေကို PDF က စောင့်ပြီး ရှော့တိုက်ဒုံးနဲ့ ပစ်တာ။ သင်္ဘော နှစ်စီး ထိသွားတယ်။ ထိခိုက်သေဆုံးမှုတော့ မသိရဘူး။ နောက်ပြီး မြစ်ထဲသွားနေတဲ့ စစ်သင်္ဘောတွေအပေါ်ကနေ လေယာဉ်တွေ ဝဲနေတာလည်း တွေ့ရတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ စစ်သင်္ဘောတွေဟာ စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာတွေကို သယ်ဆောင်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က မန္တလေးတိုင်း၊ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ကာ သြဂုတ် ၇ ရက်နေ့မှာ ရွှေကူဆိပ်ကမ်းမှာ ရပ်နားပြီး သြဂုတ် ၁၆ ရက်နေ့မှာ ဗန်းမော်မြို့ ကို ဆန်တက်လာတာပါ။

ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၉ စီးကို မြို့လှ KPDF တပ်ရင်း တပ်ခွဲ ၂ ဗိုလ်တံခွန်အဖွဲ့က  ၁၀၇-မမ ရှော့တိုက်ဒုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတွက်  စစ်သင်္ဘောတစ်စီး ခါးထိမှန်သွားကာ နောက်တစ်စီးကတော့ ရှော့တိုက်ဒုံး နှစ်လုံး ထိမှန်သွားကြောင်း မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီစစ်သင်္ဘောတွေဟာ သြဂုတ် ၇ ရက်နေ့က ရွှေကူသင်္ဘောဆိပ်ကမ်းသို့ ဆိုက်ကပ်ခါနီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရေလှဲကျေးရွာက ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ပါသေးတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာလည်း သြဂုတ်  ၁၆ ရက် မနက်က ကျပ်ပြင်ရဲစခန်းအပါအဝင် နေရာ ၃ ခု တပြိုင်နက်တည်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ တပ်ရင်း ၁၂၂၁-Red Wolves of Mogok ကနေ သိရပါတယ်။

မိုးကုတ်မြို့ အနောက်ပိုင်း စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ Epc ရုံးအနောက် ဘက်တောအုပ်၊ ကျပ်ပြင်ရဲစခန်းနဲ့ ရွှေမြင်ဝင်းကျောင်း ဘန်ကာတွေကို သြဂုတ် ၁၆ ရက် မနက် ၁၀ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ Red Wolves of Mogok ရဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲ နာရီဝက်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို တပ်ရင်း ၁၂၂၃ နဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး  စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ စက်လက်တွေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013