DVB Logo
Home
Lead Story
စစ်တပ်ထဲ ယောက်ယက်ခတ်နေတဲ့ မိုးကျရွှေကိုယ် ဈေးကွက်
DVB
·
August 16, 2023
စစ်တပ်ထဲ ယောက်ယက်ခတ်နေတဲ့ မိုးကျရွှေကိုယ် ဈေးကွက်
Donate to DVB

အကြမ်းဖက်စစ်တပ်ထဲ တိုးတိုးတိတ်တိတ်၊ ခပ်ကြိတ်ကြိတ်နဲ့ လူသိများလာတဲ့ ဈေးကွက်တခု ဖြစ်နေတာ ၂၀၂၂ ခုနှစ် နေဝင်ချိန်လောက်ကတည်းကလို့ အငြိမ်းစားအရာရှိကြီးတဦးက ဆိုပါတယ်။ ဘာဈေးကွက်လဲလို့ မေးကြည့်တော့ မိုးကျရွှေကိုယ်ဈေးကွက်တဲ့။

၂၀၂၂ ခုနှစ် နေဝင်ရီတရောကာလ၊ မြန်မာနိုင်ငံတဝန်းက ရဲရဲတောက် တော်လှန်နယ်မြေတွေထဲ မိုင်းဆွဲခံရပြီး စစ်သားတွေ အသေအပျောက်နဲ့ ခြေပြတ်ကျိုးကန်း များလာပြီးနောက် အရပ်ဘက်ဌာနဆိုင်ရာပြောင်းကာ မိုးကျရွှေကိုယ်အဖြစ် အေးဆေးနှပ်ချင်တဲ့ အရာရှိတွေ များလာတာလို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအနှံ့ တပ်ကနေထွက်တာနဲ့ ရှေ့တန်းစစ်မြေပြင် နေရာများစွာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေရဲ့ တိုက်ပွဲခေါ်သံတွေက ဝီခေါ်နေရုံတင်မက နေ့စဉ် သေဆုံး၊ ဒဏ်ရာရ စစ်သားတွေကလည်း မနည်းလှလေတော့ စစ်သားလိုအပ်ချက်ကလည်း သိပ်များ။ ဘာမှမဆိုင်တဲ့ ရေတပ်သားတွေတောင် ကိုယ့်တပ်ရင်းရှိရာဒေသ လုံခြုံရေး ကင်းစောင့်၊ ကင်းပတ် တာဝန်ယူနေရလေတော့ အရပ်ဘက်ပြောင်း မိုးကျရွှေကိုယ်လုပ်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ တကယ့်ကို အဘကြီးကြီးတကောင်က ထောက်ခံချက်ပေးမှ။ ငွေတွေပုံအောလို့ အဘအဆင့်ဆင့်ရဲ့ ကတော်ကြီး၊ ကတော်ငယ်တွေကို ကုန်းကန်တော့နိုင်မှ။

တိုက်ပွဲခေါ်သံတွေ များသထက်များလာပြီး တိုက်တိုင်းလည်း အရှုံးပြ။ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူမှမပါရင် ရှေ့တလှမ်းမတိုးရဲတဲ့ ၂၀၂၃ ခုနှစ်ရောက်တဲ့အချိန်မှာ စစ်တပ်တွင်း မိုးကျရွှေကိုယ်ဈေးကွက်က တိုးတိုးတိတ်တိတ်နဲ့ ပိုလူသိများလာပါတယ်။ လုံခြုံရေးအတွက် ကင်းလှည့်တာဆိုပြီး ထွက်ခွာသွားတဲ့ ကိုယ့်လင်သား တနာရီမကြာတဲ့အချိန် စစ်တပ်ထဲ ပြန်ရောက်လာတော့ ရုပ်ပျက်ဆင်းပျက် အသက်မဲ့ခန္ဓာ။ ကယား၊ ကရင်၊ ကချင်၊ ချင်း၊ မွန်နဲ့ တနင်္သာရီဒေသရဲ့ ရှေ့တန်းလို့ဆိုတဲ့ ဝေးဝေးလံလံ တောတွေတောင်တွေဆီ မသွားရဘဲ မြို့တွင်းလုံခြုံရေး ထွက်ရတာတောင် အိမ်ကမယား တထိတ်ထိတ်နဲ့ ဘုရားစာ နင်းကန်ရွတ်နေရတဲ့ခေတ် ရောက်နေပြီမို့ CDM မလုပ်နိုင်ရင် ပိုက်ဆံပေးပြီး စစ်တပ်ထဲကနေ အရပ်ဘက် မြန်မြန်သာပြေး။

ဒီလိုအချိန်မှာ စစ်ဘက်ကနေ အရပ်ဘက်ကို ပြောင်းရွှေ့နိုင်တာဟာ အသက်မသေ၊ ဒုက္ခိတမဖြစ်ဖို့ တရားဝင် တိမ်းရှောင်နည်းတခု ဖြစ်ရုံတင်မက တချိန် ဒီမိုကရေစီရင်ပြင်မှာ ပြည်သူတွေ အောင်လံစိုက်ထူနိုင်တဲ့အခါ စစ်တရားခံတွေအဖြစ် ခုံရုံးတင်ခံရမယ့် ဘေးကနေလည်း လွတ်ကင်းနိုင်တယ် မဟုတ်ပါလား။

ဒါ့ကြောင့် အရပ်ဘက်ပြောင်းခွင့်ရရေး တရုန်းရုန်းနဲ့ အုံးအုံးထနေသလို အရပ်ဘက် ပြောင်းခွင့်ရရေးအထိ မစွမ်းနိုင်သူတွေကျတော့ သေနတ်သံတွေ သိပ်မကြားရတဲ့ ဒေသတွေဆီ ပြောင်းရွှေ့ခွင့်ရမလားဆိုတဲ့ အိပ်မက်  ဗိုလ်မယားတွေ စိတ်ကူးယဉ် မက်ကြပြန်ပါတယ်။

တပ်ရင်းတွေရဲ့ အပြင်ဘက် ခြေတဖက်လှမ်းလိုက်ရင်ကို ရှေ့တန်းစစ်မြေပြင် ရောက်နေပြီလို့ ဆိုနိုင်ပေမဲ့ ဘာပဲဖြစ်ဖြစ် တော်လှန်ရေးတပ်တွေ အခိုင်အမာ အားမကောင်းတဲ့ မြို့တွေရဲ့ လုံခြုံရေးလောက်သာ တာဝန်ယူရသူ စစ်သားတွေအတွက် အသက်သေနိုင်ခြေ နည်းလေတော့ စိတ်ကူးယဉ် ယောက်ယက်ခတ်ကြရပါတယ်။ စစ်သားနဲ့ စစ်မယားတို့ ထုံးစံအတိုင်း ဘိုးတော်ဆီပြေး၊ ဗေဒင်တွေမေး ယတြာတွေချေကြ။ ပြောရရင် မင်းအောင်လှိုင် အာဏာရရှိရေးအတွက်လည်း အသေမခံနိုင်သလို ပြည်သူ့ရင်ခွင်လည်း မဝင်နိုင်တာကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ကျည်မသင့်ရေး ရရာချောင်တချောင်ထဲ ဝင်ခွေမယ်ဆိုတဲ့ စစ်သားတွေ ဘယ်နည်းလိမ့်မလဲ။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကနေ ဇွန်လကုန်အထိ ၆ လတာကာလအတွင်း ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီး အဆင့်ရှိသူ အယောက် ၄၀ ကို အရပ်ဘက်ဝန်ကြီးဌာနတွေဆီ ပြောင်းရွှေ့ခဲ့ကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။ ၆ လအတွင်း စစ်သားအယောက် ၄၀ မိုးကျရွှေကိုယ်အဖြစ် အရပ်ဘက်သို့ ပြောင်းရွှေ့ခြင်းဟာ အာဏာကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်ခဲ့တဲ့ ဒုတိယအာဏာရှင် သန်းရွှေလက်ထက်ကထက် ပိုများတယ်လို့လည်း သိရပါတယ်။

အဲဒီ မိုးကျရွှေကိုယ် ၄၀ ထဲမှာ အများဆုံး ပြောင်းရွှေ့သွားကြတဲ့ဌာနက မြန်မာ့စီးပွားရေးဘဏ်လို့ သိရပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ဆိုတာ ကိုယ့်ဘေးပတ်ပတ်လည် ငွေစက္ကူတွေ ဝန်းရံနေပေမဲ့ တရားမဝင် ရပေါက်ရလမ်း အင်မတန်နည်းပြီး လက်ဖက်ရည်ဖိုးတောင် နပ်မမှန်တာမို့ ငွေမြင်ရင် ငမ်းငမ်းတက်နေတဲ့ ဘယ်စစ်ဗိုလ်ကမှ မပြောင်းရွှေ့ချင်တဲ့ဌာန ဖြစ်ပါတယ်။ ဒါ့ကြောင့် သန်းရွှေလက်ထက်တုန်းက မြန်မာ့စီးပွားရေးဘဏ်ကို ပြောင်းတဲ့ မိုးကျရွှေကိုယ်ဆိုတာ မကြားဘူးသလောက်နီးနီးပါပဲ။ ဘာလို့လဲဆိုတော့ မိုးကျရွှေကိုယ် စစ်ဗိုလ်တိုင်းမှာ အချီကြီး ပွပေါက်တိုးမယ့် ဌာနဆိုင်ရာတွေဆီသာ ပြောင်းရွှေ့ချင်ကြလို့ပါပဲ။ ပြောရရင် ဌာနဆိုင်ရာပြောင်းလာတဲ့ အပွင့်အခက်တွေဟာ စစ်မတိုက်ချင်ရုံတင်မက ဌာနဆိုင်ရာထဲ မောက်မောက်မာမာနဲ့ သိုက်တူးချင်ကြသူတွေ များပါတယ်။

အခုကျမှ မြန်မာ့စီးပွားရေးဘဏ်ကို ဘာ့ကြောင့် အပြောင်းအရွှေ့ များရတာပါလဲ။ အရပ်ဘက်ဌာန ဘယ်နေရာရောက်ရောက် အကြံအဖန်ငွေတွေ မရလည်းနေ၊ အသက်မသေရင် ပြီးရောဆိုတဲ့ ဇောကြောင့် ရတဲ့ဌာန ပြောင်းရွှေ့ခဲ့ကြပုံရပါတယ်။

မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ခဲ့ပြီးနောက် ဘာနဲ့မှဆွဲထားလို့မရတဲ့ ငွေကြေးဖောင်းပွမှု ပြဿနာနဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘဏ္ဍာရေးအကျပ်အတည်းအရ ဘဏ်လုပ်ငန်းတွေထဲ စိတ်ချရတဲ့ သူတို့စစ်သားတွေ ရောက်ရှိ နေရာယူထားဖို့ အရေးပေါ် လိုအပ်နေပြီလို့ မင်းအောင်လှိုင်က ခံယူထားပုံရပါတယ်။ ဒါ့ကြောင့်လည်း ၂၀၂၂ ခုနှစ်၊ ဇွန်လကတည်းက ဒုဗိုလ်မှူးကြီး ၆ ဦးကို ဗဟိုဘဏ်မှာ ဒုတိယညွှန်ကြားရေးမှူးတွေအဖြစ် ခန့်အပ်ခဲ့ခြင်းက ကိုယ့်လူကိုယ်ပဲ ယုံကြည်ရဲတဲ့ စစ်အာဏာရှင်တွေရဲ့ စိတ္တဇကို ဖော်ပြနေပါတယ်။

အဲဒီလို ဘဏ်ပြဿနာနဲ့ မင်းအောင်လှိုင်ရဲ့ စိတ္တဇကြောင့် ဘဏ်လုပ်ငန်းတွေထဲ မိုးကျရွှေကိုယ်တွေအတွက် လစ်လပ်နေရာတွေ ပေါ်လာဟန်တူပါတယ်။ အခု စစ်အုပ်စုလက်အောက်ခံ ဘဏ် ၂ ခုကို အမေရိကန်က ပိတ်ဆို့ပြီးနောက် ဒေါ်လာငတ် အကျပ်ရိုက်နေတဲ့ အခြေအနေကို ထပ်မဆိုးသွားစေဖို့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဆိုတာ ပေါ်လာပြီး အဲဒီကော်မတီထဲမှာ မင်းအောင်လှိုင်ရဲ့ လက်ရုံးတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ကို ထည့်သွင်း ဦးဆောင်စေတာ အပြင်လူဆို မယုံဘူးဆိုတဲ့ ဗိုလ်ချုပ်တွေရဲ့ အစဉ်အလာရောဂါပဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်၊ တိုင်းပြည်ကို နေဝင်းက သေနတ်ထောက် အာဏာသိမ်းပြီးပြီးချင်းမှာပဲ အရပ်ဘက်ဌာနဆိုင်ရာတွေဆီ စစ်သားတွေ မိုးကျရွှေကိုယ်အဖြစ် ရောက်ရှိဗိုလ်ကျခဲ့တာ ဒီနေ့ထိတိုင် မပြီးနိုင်မစီးနိုင်ပါပဲ။ ဘာ့ကြောင့် စစ်သားတွေကို ဌာနဆိုင်ရာတွေထဲ ပို့တာလဲဆိုတော့ စစ်အာဏာရှင်တွေက အရပ်သားပြည်သူတွေဆို မယုံဘူးဆိုတဲ့ စိတ်အခံကြောင့်ပဲ ဖြစ်ပါတယ်။ စစ်သားတွေက သေနတ်ပစ်တတ်ရင် ဘာမဆို လုပ်တတ်တယ် ဆိုတဲ့ အရူးသွေးအပြည့်နဲ့ ထိန်းမနိုင်သိမ်းမရ ဘဝင်မြင့်ခဲ့တာကြောင့် မိုးကျရွှေကိုယ်ရှိတဲ့ ဌာနဆိုင်ရာတိုင်းမှာ ဟာသတွေနဲ့ ကျွမ်းထိုးမှောက်ခုံတွေ ကြုံခဲ့ရတာချည်းပါပဲ။ စစ်အာဏာရှင် စနစ်ကို မြေလှန်ပစ်နိုင်မှသာ ဌာနဆိုင်ရာတွေထဲ မောက်မာနေတဲ့ ၂ သီးစား မိုးကျရွှေကိုယ် ဇာတ်တွေလည်း ရာသက်ပန် ရပ်စဲမှာဖြစ်ပါတယ်။

ထွန်းလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013