
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အမျိုးသမီးအသင်းရဲ့ လေ့ကျင့်နေမှုကို သြစတြေးလျ သတင်းစာက ရဟတ်ယာဉ်စေလွှတ်ပြီး ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
အမျိုးသမီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် နောက်ဆုံးလေ့ကျင့်ရေး အစီအစဉ်ကို အင်္ဂလန်အမျိုးသမီးအသင်း လုပ်ဆောင်နေချိန်မှာ သြစတြေးလျသတင်းစာ The Aussie Daily Telegraph က ရဟတ်ယာဉ်စေလွှတ်ပြီး ဓာတ်ပုံရိုက်ယူခဲ့တာပါ။
သတင်းစာဘက်ကတော့ အင်္ဂလန်အသင်းရဲ့ နောက်ဆုံးလေ့ကျင့်မှု မြင်ကွင်းကို သတင်းရယူချင်တာကြောင့် ဖြစ်ကြောင်း၊ သြစတြေးလျ အသင်းခေါင်းဆောင် ဆမ်ခါး ဒဏ်ရာရရှိချိန်ကလည်း လေ့ကျင့်ခန်းဆင်းနိုင်ခြင်းရှိ၊ မရှိကို ရဟတ်ယာဉ်စေလွှတ်ပြီး စောင့်ကြည့် ရိုက်ကူးခဲ့ဖူးကြောင်း ထုတ်ပြန်ပါတယ်။
လေ့လာသူတွေကတော့ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးဓာတ်ပုံကို ရရှိရုံနဲ့ အသင်းရဲ့ နည်းစနစ်၊ နည်းဗျူဟာကို သိရှိနားလည်နိုင်မှာမဟုတ်ကြောင်း မှတ်ချက်ပေးကြပါတယ်။
အမျိုးသမီးကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် သြစတြေးလျအသင်းဟာ ဒီကနေ့ညနေ ၄ နာရီခွဲအချိန်မှာ အင်္ဂလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ကစားသွားရမှာ ဖြစ်ပါတယ်။










