
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သြဂုတ် ၁၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ ဒဏ်ရာရသူတချို့ ရှိတယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။
ရေစကြိုမြို့နယ် မြေဖြူကျေးရွာနဲ့ အောင်မိုးလမ်းခွဲကြားမှာ သြဂုတ် ၁၄ ရက် မနက် ၈ နာရီလောက်က ခလရ ၂၅၇ ကထွက်လာတဲ့ စစ်ကြောင်းက ရှေ့ပြေး စစ်ကောင်စီတပ်သား ၈ ယောက်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာလို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့ရှိကာ ပြန်ဆုတ်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖနဲ့ ပခုက္ကူခရိုင်တပ်ရင်း-၉ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်မှာ သြဂုတ် ၁၃ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။
စစ်ကိုင်းတိုင်းမှာလည်း စစ်ကိုင်းမြို့ကနေ မုံရွာမြို့ဘက်ကိုလာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်း ၃ ခုကို မြင်းမူမြို့နယ်မှာ သြဂုတ် ၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defense Force အဖွဲ့ကနေ သိရပါတယ်။
မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနဲ့ ဘိုးမင်းကြီးကင်းအကြားမှာ စစ်ကိုင်းကနေ မုံရွာဘက်ကို ထွက်လာတဲ့ မိုးကာအုပ် စစ်ကောင်စီတပ် ဖောကား ၄ စီးကို သြဂုတ် ၁၅ ရက် မနက် ၁၀ နာရီ မိနစ် ၅၀ လောက်မှာ မိုင်တဲမိုင်းကြီး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ၃ စီးမြောက်ကားဖြစ်တဲ့ ဆီပေပါတင်ကားကို ထိမှန်ခဲ့တယ်လို့ Black Eagle Defense force အဖွဲ့ တာဝန်ခံ ဗိုလ်စံရှားက ဆိုပါတယ်။
စစ်ကိုင်းကနေ မုံရွာဘက်ကိုထွက်လာတဲ့ စစ်ကား ၁၆ စီးကို မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနဲ့ ဝမ်းပြည့်ကျေးရွာ အကြားမှာ သြဂုတ် ၁၄ ရက် ညနေ ၄ နာရီ ၃၅ မိနစ်လောက်က ပဒေသာမိုင်းလုံး တဖက်ပွင့်ပြောင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ၁၂ စီးမြောက်ကားကို ထိမှန်ခဲ့ပြီး အဆိုပါယာဥ်တန်း ဆက်မောင်းသွားရာ ပဒေသာမိုင်း ၄ လုံးနဲ့ ၂ ကြိမ်ခွဲပြီး ထပ်မံ တိုက်ခိုက်ခဲ့ရာ ၁၁ စီးမြောက်ကားကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
လိုက်ထရပ်ကား ၁ စီး၊ တွဲကားအတို ၂ စီး၊ ဆီကား ၁ စီး၊ စုစုပေါင်း ကား ၄ စီးပါ ယာဥ်တန်းကို သြဂုတ် ၁၄ ရက် ည ၁၀ နာရီ မနစ် ၃၀ မှာ အလ္လကပ္ပကျေးရွာနဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ ၆၀ မမ ၂လုံး တပွိုင့်၊ ပဒေသာမိုင်း(၂) လုံး တစ်ပွိုင့် တို့နဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သုံးစီးမြောက်ကားနဲ့ လေးစီးမြောက်ကားတွေ ထိမှန်ခဲ့ပြီး ဆီကားတွေ ပေါက်ထွက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါယာဥ်တန်းကိုပဲ ပဒေသာမိုင်း ၄လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာမှာ လေးစီးမြောက်ကားကို ထပ်မံထိမှန်ခဲ့တယ် တာဝန်ခံဗိုလ်စံရှားက ပြောပါတယ်။
"ဆီကတော့ ဘာဆီတွေလဲဆိုတာ အတည်မပြုနိုင်သေးပါဘူး၊ သူတို့ဘက်ကလည်း ပြန်ပစ်ခတ်တာရှိပေမယ့် ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး" လို့ တာဝန်ခံဗိုလ်စံရှားက ဆိုပါတယ်။
စစ်ကောင်စီယာဥ်တန်းတွေကို စစ်ကောင်စီတပ်က ကင်းပုန်းတွေချထားတဲ့ကြားက မိုင်း ၁၅ လုံး၊ တစ်ဖက်ပွင့်ပြောင်း ၃ လုံး၊ (၆၀)မမ ၂ လုံး အသုံးပြု၍ ၇ ကြိမ် တိုက်နိုင်ခဲ့ပြီး ထောက်ပို့ကား ငါးစီးကို ထိထိမိမိ ထိမှန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေ အတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။










