
မလေးရှားကို ပို့မယ်ဆိုပြီး ရခိုင်ပြည်နယ်၊ မောင်တောကမ်းခြေကို လိမ်လည်ပို့ဆောင်ခံရတဲ့ ရိုဟင်ဂျာလူငယ် ၂၈ ဦးကို သြဂုတ် ၁၄ ရက် နေ့လယ် ၃ နာရီလောက်က မြန်မာနယ်ခြားစောင့်တပ်က ဖမ်းဆီးထားကြောင်း ရိုဟင်ဂျာ အသိုင်းအဝန်းကနေ သိရပါတယ်။
မောင်တောဒေသခံ ရိုဟင်ဂျာလူကြီးတဦးက “သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူပွဲစားတွေက အခကြေးငွေရယူပြီး မလေးရှားကိုပို့တာ။ ပွဲစားနဲ့ စက်လှေသမားတွေ ညှိနှိုင်းပြီး သူတို့စက်လှေကို ပင်လယ်ပြင်မှာ ၁၀ ရက်ကျော်လောက် ခုတ်မောင်းပြီး မောင်တောကမ်းခြေကို မလေးရှား ရောက်ပြီဆိုပြီး ချထားခဲ့တာလို့ ကာယကံရှင်တွေကို မေးမြန်းတဲ့ ဘာသာပြန် ရိုဟင်ဂျာဆီက သိရတယ်” လို့ ပြောပါတယ်။
သူတို့ကို မောင်တောမြို့နယ် ဂေါ်ဒူသာရချောင်းဝနဲ့ မှိုဝင်ချောင်းဝကြား ကမ်းခြေမှာ မနေ့ နေ့လယ် ၃ နာရီလောက်ကဖမ်းဆီးရမိခဲ့တာပါ။
သူတို့ဟာ ၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်ကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ ရသေ့တောင်မြို့နယ် အာကာတောင်ကျေးရွာမှ ၁၅ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၅ ဦးနဲ့ ကျန်လူတွေက မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာတွေက ၈ ဦးပါဝင်တယ်လို့ မောင်တောဒေသခံ ရိုဟင်ဂျာတွေက ဆိုပါတယ်။
“လက်ရှိမှာ သူတို့ အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို မကျည်းချောင်းစခန်းမှာ ထိန်းသိမ်းထားပြီး အမှုဖွင့် တရားစွဲဆိုနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရှိရတယ်” လို့ ရိုဟင်ဂျာအသိုင်းအဝန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်ကလည်း မောင်တောကမ်းခြေကို မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဘင်္ဂလားဘက်မှ ငါးဖမ်းလှေတစီး နစ်မြုပ်ပြီး အသက်ဘေးမှ လွတ်မြောက်လာခဲ့ကြတဲ့ ရိုဟင်ဂျာ ၆ ဦးကို မြန်မာဘက်က ဖမ်းဆီးပြီး မောင်တောမြို့နယ် တရားရုံးမှာ ရုံးတင်ကာ တစုံတရာ စစ်ဆေးမှုမပြုလုပ်ဘဲ လ.ဝ.က အက်ဥပဒေပုဒ်မ ၁၃(၁)(ခ) နဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ကြောင်း မောင်တောမြို့ ရိုဟင်ဂျာအသိုင်းအဝန်းထံက သိရပါတယ်။