
တနင်္သာရီတိုင်းအတွင်း ကော့သောင်းမြို့နယ်မှအပ ကျန် ၉ မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၅၉ ကြိမ်လောက် အနည်းဆုံးဖြစ်ပွားခဲ့တယ်လို့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေထဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးဘက်က မိုင်းဆွဲတိုက်ခိုက်မှု ၇ ကြိမ်နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၅၂ ကြိမ် ပါဝင်ပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၂၀၀ ကျော် သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပေမဲ့ အတည်ပြုဖို့ခက်တယ်လို့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
FE5 Tanintharyi ရဲ့ အယ်ဒီတာက “ကျနော်တို့ လေ့လာမှုအရ အရင်တုန်းက စစ်ကောင်စီဘက်က တပ်စုလိုက် စစ်ကြောင်းထိုးလာတာရှိတယ်။ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးအဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိတယ်။ အခုနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်တာ များလာတော့ စစ်ကောင်စီဘက်က ပုံစံပြောင်းလာတာတွေရှိတယ်။ စစ်ကောင်စီဘက်က အရင်လို ၁၀ ယောက်၊ အယောက် ၂၀ နဲ့ စစ်ကြောင်းထိုး လှည့်လည်တာတွေ မရှိတော့ဘူး။ တော်လှန်ရေးအဖွဲ့တွေ ရှိနိုင်မယ့်နေရာတွေကို အင်အား ၁၀၀၊ ၂၀၀ နဲ့ စစ်ကြောင်းထိုးလာတာတွေကို အရှေ့လတွေမှာ လုပ်လာတယ်။ စစ်ကြောင်းထိုးမယ့် နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ကူပေးတာတို့ စစ်ကူပေးတာတို့ လုပ်လာတယ်” လို့ ပြောပါတယ်။
ဇူလိုင်လအတွင်း ရေဖြူ၊ လောင်းလုံး၊ ထားဝယ်နဲ့ ပုလောမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ၁၀ ဦးကျဆုံးတယ်လို့ PDF တပ်ဖွဲ့တွေ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
FE5 Tanintharyi ရဲ့ အယ်ဒီတာက “တချို့နယ်မြေတွေမှာ စစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာတွေ ထပ်ခံရတယ်။ အဲလို ကြားဖြတ်တိုက်ခိုက်တာခံရတော့ စစ်ကောင်စီဘက်က ဒေသခံတွေ ဖမ်းတာတွေ လုပ်ဆောင်လာတယ်။ ဒီနယ်မြေမှာ စခန်းချရင် ဒီနယ်မြေအနီးနားမှာရှိတဲ့ ဒေသခံတွေကို ဖမ်းပြီးထားထားတယ်။ အဲလိုအခြေအနေတွေကြောင့် ဒီလပိုင်းတွေမှာ ထူးခြားတာကျတော့ အရပ်သားဖမ်းဆီးခံရမှုက အရင်လတွေထက် ပိုများလာတယ်”လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၂၊ သြဂုတ်လမှ ၂၀၂၃၊ ဇူလိုင်လအထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲ ၃၉၃ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့တယ်လို့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။










