DVB Logo
Home
Lead Story
အာကာသပြိုင်ပွဲခေတ် ဖြစ်လာပြီလား
DVB
·
August 15, 2023
အာကာသပြိုင်ပွဲခေတ် ဖြစ်လာပြီလား
Donate to DVB

စစ်ဖြစ်နေတဲ့ ရုရှားက လကမ္ဘာပေါ်ကို အာကာသယာဉ်တစင်း မကြာခင်က ပစ်လွှတ်လိုက်ပါတယ်။ လူနာ-၂၅ (Lunar-25) လို့ အမည်ပေးထားတဲ့ ဒီအာကာသယာဉ်ဟာ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းပေါ်  ညင်ညင်သာသာလေး ဆင်းဖို့ စီစဉ်ထားတယ်။

အာကာသနည်းပညာမှာ ထိပ်တန်းဖြစ်ခဲ့တဲ့ ရုရှားက ဒီအာကာသယာဉ်ကို ရုရှားအရှေ့ပိုင်း Amur ဒုံးပစ်စင်ကတဆင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၁၊ သောကြာနေ့က ပစ်လွှတ်ခဲ့တာပါ။

ဒီ လူနာ-၂၅ အာကာယာဉ်ဟာ လာမယ့် ဩဂုတ်၂၁ ရက်မှာ လပေါ်ကို ဆင်းသက်မယ်လို့ ဆိုပါတယ်။

ရုရှားက လပေါ်ကို အာကာသယာဉ် စေလွှတ်လိုက်ချိန်ဟာ အိန္ဒိယကလည်း လပေါ်ကို အာကာသယာဉ်တစီး စေလွှတ်ထားချိန်နဲ့ တိုက်ဆိုင်နေတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်က အိန္ဒိယကလည်း ချန်ဒရာယန်း-၃ လို့ အမည်ပေးထားတဲ့ အာကာသယာဉ်တစင်းကို ကိုယ်ပိုင်ဒုံးပျံနဲ့ လွှတ်တင်ခဲ့တယ်။ အခု အိန္ဒိယရဲ့ ချန်ဒရာယန်း-၃ ဟာ ကမ္ဘာမြေကို စွန့်ခွာပြီး လကမ္ဘာရှိရာကို ခရီးနှင်နေပါပြီ။

ချန်ဒရာယန်း-၃ က လကမ္ဘာကို ဩဂုတ်လ ၂၃ ရက်မှာ ဆင်းသက်မယ်လို့ မှန်းထားတယ်။ သူကလည်း ရုရှားအာကာသယာဉ် လူနာ-၂၅ လိုပဲ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းပေါ် ဆင်းမယ်လို့ ဆိုတယ်။

လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းမှာ ရေခဲနေတဲ့နေရာတွေကို တွေ့ရှိရာက အဲဒီနေရာကို ဆင်းသက်ဖို့ ကြံရွယ်ကြတာ ဖြစ်တယ်။

တိုက်ဆိုင်မှုလို့ ပြောမလား၊ တမင်လားတော့ မသိပါ။ ရုရှားနဲ့ အိန္ဒိယတို့ အပြိုင်အဆိုင် လပေါ်ဆင်းဖို့ ကြိုးစားတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ စစ်အေးခေတ်က ဆိုဗီယက်နဲ့ အမေရိကန်တို့ရဲ့ အာကာသပြိုင်ပွဲ (space race) အသေးစားလို ဖြစ်နေတယ်။

အိန္ဒိယရဲ့ ချန်ဒရာယန်း-၃ က ကမ္ဘာမြေကနေ ထွက်သွားတာ တလကြာမြင့်နေပြီး ခုထိ လမ်းခရီးမှာပဲ ရှိနေသေးတယ်။ ရုရှားရဲ့ လူနာ-၂၅ က ဩဂုတ်လ ၁၁ ရက်ကမှ လိုက်တက်သွားပေမဲ့ သူက လပေါ်ကို ဩဂုတ် ၂၁ ရက်မှာ ဆင်းမယ်။ အိန္ဒိယရဲ့ ချန်ဒရာယန်း-၃ က ဩဂုတ် ၂၃ မှာ ဆင်းမယ်။ အာကာသနည်းပညာမှာ အတွေ့အကြုံရော ပညာပါ သာလွန်တဲ့ ရုရှားက ၁၀ ရက်အတွင်း လပေါ်ရောက်အောင် သွားနိုင်တယ်လို့ ဆိုရမယ်။

ဒါက ကြိုတင်မှန်းဆထားတဲ့ အခြေအနေပါ။ တကယ့်တကယ်မှာ ချန်ဒရာယန်း-၃ က လပေါ်ကို ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဆင်းနိုင် မဆင်းနိုင် မသိရသေးဘူး။ အိန္ဒိယက အရင် ချန်ဒရာယန်း-၂ တုန်းက လပေါ်မဆင်းနိုင်ဘဲ လမျက်နှာပြင်ပေါ်မှာ ပျက်ကျသွားခဲ့တယ်။

တကယ်လို့ အိန္ဒိယက လမျက်နှာပြင်ပေါ် အောင်အောင်မြင်မြင် ဆင်းသက်ပြီး ပါသွားတဲ့ ခြောက်ဘီးတပ် လသွားယာဉ်ငယ်က ဓာတ်ပုံတွေရိုက်ပြီး ပေးပို့လာနိုင်ပြီဆိုရင်တော့ အိန္ဒိယဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ပြီးရင် လကမ္ဘာကို အာကာသယာဉ်စေလွှတ်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်တယ်။ အိန္ဒိယနိုင်ငံအတွက် ဂုဏ်ယူစရာပေါ့။

ရုရှားရဲ့ လူနာ-၂၅ က လပေါ်ကို အရင်ဆင်းမလား၊ အိန္ဒိယရဲ့ ချန်ဒရာယန်း-၃ က လပေါ် အရင်ဆင်းမလား ခုချိန်မှာ မပြောနိုင်သေးပါဘူး။ အာကာသမစ်ရှင်တွေတိုင်းဟာ ကြိုတင်မှန်းဆထားတဲ့အတိုင်း အောင်မြင်ချင်မှ အောင်မြင်တာ မဟုတ်လား။ လမ်းတဝက်မှာ ပျက်ကျသွားတာ၊ အဆက်အသွယ် ပြတ်သွားတာတွေလည်း ရှိခဲ့တယ်လေ။ 

တကယ်တော့ ရုရှားက လပေါ်သွားတဲ့ စီမံကိန်းတွေ ရပ်ထားတာ ကြာပြီ။ ဆိုဗီယက်မပြိုကွဲခင် လွန်ခဲ့တဲ့ ၁၉၇၆ မှာ လူနာ-၂၄ အာကာသယာဉ်ကို လွှတ်တင်ပြီးနောက်ပိုင်း လသွား စီမံကိန်းတွေ ဆက်မလုပ်တော့ဘဲ ရပ်ထားရာက ၄၇ နှစ်အကြာမှာ ပြန်အကောင်အထည်ဖော်တာ ဖြစ်တယ်။

အိန္ဒိယရော ရုရှားပါ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းပေါ် ဆင်းသက်ဖို့ ကြံရွယ်တာလည်း ထူးခြားမှု တခုပါပဲ။ လရဲ့ တောင်ဝင်ရိုးစွန်းမှာ တွေ့ရတဲ့ ရေခဲနေတဲ့ မျက်နှာပြင်တွေဟာ အနာဂတ် လအခြေစိုက်စခန်းတွေ တည်ဆောက်နိုင်ဖို့ အဓိက အရေးပါတယ်လို့ ဆိုတယ်။ ရေခဲထဲက ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ဒုံးပျံလောင်စာ ပြောင်းလဲနိုင်သလို ရေခဲကတဆင့် သောက်သုံးရေရအောင် လုပ်နိုင်ဖို့ မျှော်လင့်ထားကြတယ်။

ရုရှားရဲ့ အခု လူနာ-၂၅ အာကာသယာဉ် လွှတ်တင်လိုက်ချိန်ဟာ ယူကရိန်းနဲ့ စစ်ပွဲဆင်နွှဲနေချိန် ဖြစ်သလို စီးပွားရေးပိတ်ဆို့ခံထားရလို့ အကြီးအကျယ် ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရချိန် ဖြစ်တယ်။ ဒါပေမဲ့ ရုရှားက သူ ဘာမှမဖြစ်ပါဘူး ဆိုတာကို ပြသချင်လို့ ဒီစီမံကိန်းကို အကောင်အထည်ဖော်တာလို့ တချို့ကဆိုတယ်။

သမိုင်းခေတ်တွေက တပတ်ပြန်လည်လာသလားတော့ မဆိုနိုင်ပါ။ ဆိုဗီယက်-အမေရိကန် စစ်လက်နက်တွေ အပြိုင်အဆိုင်တပ်ဆင် ထုတ်လုပ်ခဲ့ကြတဲ့ စစ်အေးခေတ်ကာလက အမေရိကန်နဲ့ ဆိုဗီယက်ကြား အာကာသပြိုင်ပွဲ Space race တွေ ဖြစ်ခဲ့တယ်။ အာကာသထဲ ဒုံးပျံတွေ ဂြိုဟ်တုတွေ အပြိုင်လွှတ်တင်ခဲ့ကြဖူးတယ်။

အာကာသပြိုင်ပွဲမှာ ရှေ့တန်းရောက်ခဲ့တာက ဆိုဗီယက်ပါ။ ပထမဦးဆုံး အာကာသထဲ လူသားကို ပို့ဆောင်ခဲ့သလို လပေါ်သွား Lunar လူနာ အာကာသယာဉ်တွေကို စေလွှတ်ခဲ့တာလည်း ဆိုဗီယက်ပါပဲ။

ဒါပေမဲ့ အာကာသပြိုင်ပွဲမှာ အမေရိကန်က သမိုင်းမှတ်တမ်းရေးထိုးသွားခဲ့တယ်။ ဒီနေ့ ဒီအချိန်အထိ လကမ္ဘာပေါ်ကို လူသားတွေ ခြေချနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တာ အမေရိကန်တနိုင်ငံပဲ ရှိပါသေးတယ်။

အမေရိကန်ရဲ့ အပိုလို-၁၁ စီမံကိန်းကစလို့ လူသားတွေ လပေါ်ရောက်ခဲ့တယ်။ နောက်ပိုင်းမှာတော့ စစ်အေးခေတ်ပြီးဆုံးခြင်းနဲ့အတူ အပိုလိုစီမံကိန်းတွေလည်း ရပ်သွားခဲ့တယ်။

ခုချိန်မှာ ကမ္ဘာကြီးဟာ စစ်အေးခေတ် တကျော့ပြန်လာသလိုမျိုး အခင်းအကျင်းတွေ ရှိလာတယ်။ တရုတ်-ရုရှား အုပ်စုဖွဲ့မှုတွေ ရှိလာသလို နည်းပညာနယ်ပယ် ပြိုင်ဆိုင်မှုတွေလည်း ရှိလာတယ်။

တရုတ်၊ အိန္ဒိယ၊ ဂျပန် အစရှိတဲ့ နိုင်ငံတွေဟာ လကမ္ဘာသွား အိပ်မက်တွေ အကောင်အထည် ဖော်လာတာ တွေ့ရတယ်။

အချိန်တော်တော်ကြာ ငြိမ်သက်နေတဲ့ ရုရှားကလည်း လူနာ-၂၅ အာကာသယာဉ်ကို လပေါ် ပစ်လွှတ်လိုက်တဲ့အခါ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ ၁၉၆၀ ပြည့်လွန်နှစ်များဆီက အာကာသပြိုင်ပွဲ space race ခေတ် ပြန်ရောက်နေပြီလား တွေးနေမိတယ်။

CWM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013