Home
မြန်မာသတင်း
အင်းတော်ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
August 15, 2023
367716003_260013840225500_6809065604667345377_n

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က အင်းတော်မြို့မှာ စစ်ကောင်စီဘက်က စစ်ဆေးမှုတွေ တင်းကျပ်ခဲ့ပြီး အခုရက်သတ္တပတ်အတွင်း အရပ်သား ၆ ဦးကို မတရားစွပ်စွဲ ဖမ်းဆီးခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ အင်းတော်မြို့မှာ မြို့အဝင်အထွက်ကို လုံခြုံရေးဂိတ်တခု တင်းကျပ်စွာ ချထားပြီး ခရီးသွားလာတဲ့ ယာဥ်တွေနဲ့ ပြည်သူတွေကို တင်းတင်းကျပ်ကျပ် စိစစ်အရေးယူတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းတော်ဒေသခံတဦးက “အင်းတော်မြို့အဝင်အထွက်နဲ့ ကချင်ပြည်နယ်အဝင် နန့်စီးအောင်ဂိတ်က နာမည်အကြီးဆုံးပဲ၊ နန့်စီးအောင်နဲ့ အင်းတော်ကြားမှာကိုပဲ တခြားဂိတ်တွေ ရှိသေးတယ်” လို့ ပြောပါတယ်။

အဝင်အထွက် တင်းကျပ်ထားပြီး စစ်အုပ်ချုပ်ရေး ကြောညာထားတာကြောင့် ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ အပြင်ထွက်ခွင့် ပိတ်ပင်ထားပြီး စစ်ရေးလှုပ်ရှားထိတွေ့မှု မကြာခဏ ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

သြဂုတ် ၁၄ ရက် မနက် ၁ နာရီလောက်ကလည်း ကသာမြို့ကနေ လူသူ လက်နက်အင်အား အပြည့်နဲ့ တတ်လာတဲ့ စစ်ကောင်စီရဲ့ ဆယ့်နှစ်ဘီးကားနှစ်စီးကို အင်းတော်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ KIA နဲ့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ကားတစီးပျက်စီးကာ အသေအပျောက် ရှိနိုင်တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်က စစ်ရေးလှုပ်ရှားမှုများပြားတဲ့ ဒေသဖြစ်တဲ့အလျောက် အင်းတော်မြို့နဲ့ အနီးတဝိုက်ကို စစ်ကောင်စီဘက်က အထူးလုံခြုံရေးတင်းကျပ်ထားပြီး အရင်က မြို့ပြင်အဝင်အထွက်ကို အဓိက စစ်ဆေးရာကနေ အခုအခါ မြို့တွင်းမှာပါ စစ်ဆေးရေးပြုလုပ်ပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။

“အရင်က မြို့ထဲစစ်တယ်ဆိုတာ ရံဖန်ရံခါမှ၊ ပြေပြေလည်လည်ပဲ၊ ဖုန်းတွေ ဘာတွေ တောင်းစစ်တယ်။ ဆိုင်ထဲဝင်စစ်တာတွေ ရှိတယ်။ အခုကျတော့ မြို့ထဲမှာလည်း ဂိတ်တွေမှာ စစ်သလို ကား၊ ဆိုင်ကယ်၊ ဖုန်း နှိုက်နှိုက်ချွတ်ချွတ်ကို စစ်တာ။ ဒီတလောကိုပဲ ၆ ယောက်ရှိပြီ၊ ဖုန်းထဲ နိုင်ငံရေးစာတွေ share လို့ဆိုပြီး ဖမ်းခံနေရတာ” လို့ ကုန်ပစ္စည်းရောင်းချသူ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ရက်တ္တသပတ်အတွင်း စုံစမ်းသိရှိရတဲ့ စာရင်းအရ လူမှုကွန်ရက်မှာ နိုင်ငံရေးအရေးအသားတွေ မျှဝေတယ်လို့ စွပ်စွဲအရေးယူခံရသူ စုစုပေါင်း ၆ ဦးအထိ ရှိလာပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး ဖြစ်တယ်လို့ သိရပါတယ်။

အင်းတော်မြို့ဟာ စစ်အုပ်ချုပ်ရေးကြေညာခံရပြီးနောက်ပိုင်းမှာ CDM ဝန်ထမ်းတွေကို အရေးယူတာ၊ မတရား သေဒဏ်စီရင်မှု ၅ ခုအထိ ချမှတ်အရေးယူတာတွေ ပြုလုပ်ထားပြီး အထူးဂရုပြုရမယ့်ဒေသ ဖြစ်နေပါတယ်။

ဓာတ်ပုံ Indaw Revolution, Indaw PDF

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024