DVB Logo
Home
မြန်မာသတင်း
ပြည်ပအဝယ်လိုက်သဖြင့် ကြက်သွန်နီ ဈေးတက်
DVB
·
August 14, 2023
ပြည်ပအဝယ်လိုက်သဖြင့် ကြက်သွန်နီ ဈေးတက်
Donate to DVB

ပြည်ပအဝယ်လိုက်တာနဲ့ ပွဲရုံတွေကို ကြက်သွန်နီဝင်ရောက်မှု နည်းပါးတာကြောင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်လာတယ်လို့ ကြက်သွန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင် စျေးနှုန်းအရ သြဂုတ်လအစက မုံရွာကြက်သွန်နီ ၁ ပိဿာကို ကျပ် ၂,၀၀၀ နဲ့ မလှိုင်ကြက်သွန်နီ ၁ ပိဿာကို ကျပ် ၁,၉၀၀ သာ ရှိခဲ့ရာက သြဂုတ် ၁၃ ရက် စျေးနှုန်းအရ မုံရွာကြက်သွန်နီ ၁ ပိဿာကို ကျပ် ၂,၅၀၀ နဲ့ မလှိုင်ကြက်သွန် ၁ ပိဿာကို ကျပ် ၂,၄၀၀ အထိ တက်လာပါတယ်။

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဒိုင်တဦးက “သောကြာနေ့ အပိတ်ဈေးနဲ့ တနင်္လာနေ့ အဖွင့်ဈေးကြားမှာတောင် ၁၅၀ ကနေ ၂၀၀ အထိ တက်သွားတယ်။ နယ်တွေဘက်ကလည်း အဝယ်တိုးလာသလို ပြည်ပနိုင်ငံတွေကလည်း အဝယ်ကရှိနေတော့ စျေးကတက်လာတယ်။ ဗီယက်နမ်က ဒီရက်ပိုင်း တောက်လျှောက် အဝယ်ရှိနေတာ။ တရုတ်ကလည်း နည်းနည်းဝယ်တယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ သိပ်မဝယ်သေးဘူး။ သူတို့သာ အဝယ်လိုက်လာရင် စျေးက မြင့်လာဖို့ရှိပါတယ်” လို့ ပြောပါတယ်။

ကြက်သွန်နီစျေးနှုန်းဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမြင့်ဆုံးစျေးကို ရောက်ရှိခဲ့တာဖြစ်တယ်လို့ ကြက်သွန်ရောင်းဝယ်သူတွေက ပြောပါတယ်။

ပြည်တွင်းမှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စစ်ပွဲတွေကြောင့် ကြက်သွန်နီစိုက်ပျိုးမှုဧက လျော့နည်းပြီး အထွက်နှုန်းနည်းတာကြောင့် ပွဲရုံတွေကို ကြက်သွန်နီကားတွေ အဝင်နည်းပြီး ကြက်သွန်နီစျေး တက်သွားတာဖြစ်တယ်လို့ ကြက်သွန်ကုန်သည်တဦးက ပြောပါတယ်။

“မနှစ်က စျေးကောင်းမရကြတော့ စိုက်ပျိုးတဲ့သူ နည်းသွားတယ်။ စိုက်ပျိုးတဲ့သူနည်းတော့ အထွက်နှုန်းက ကျတာပေါ့။ အရင်ကဆို ကြက်သွန်နီတောင်သူတွေက ငွေဖော်ချင်လို့ ချက်ချင်းထုတ်ကြတယ်။ ခုကြတော့ ဟိုစျေးမကြိုက်တာနဲ့ ဒီစျေးမကြိုက်တာနဲ့ဆိုပြီး တောင်သူတွေက ထုတ်မရောင်းဘူး။ သူတို့လည်း သွင်းအားစုစရိတ်မြင့်တော့ စျေးကောင်းစောင့်နေတာ ဟုတ်မယ်။ ကြက်သွန်နီရှားပြီး ပွဲရုံတွေကို ကြက်သွန်ကားတွေ အဝင်နည်းနေတယ်။ ပုံမှန်ဝင်နေကြရဲ့ ၃ ပုံ ၁ ပုံလောက် လျော့သွားလို့ စျေးက ထိုးတက်လာတာပါ” လို့ ပြောပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ တနှစ်ကို ကြက်သွန်နီပိဿာချိန် သိန်း ၆၀၀ ခန့်ရှိတယ်လို့ စစ်ကောင်စီရဲ့ စားသုံးသူရေးရာ ဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံက ​ကြက်သွန်နီကို နယ်စပ်ကုန်သွယ်ရေးနဲ့ ရေကြောင်းကုန်သွယ်ရေးတို့ကတဆင့် ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ကို တင်ပို့ပါတယ်။

မြန်မာနိုင်ငံမှာ ကြက်သွန်နီကို ပခုက္ကူ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ ကျောင်းကန်တောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ၊ မြစ်သားနဲ့ ကျောက်ဆည်နယ်တို့မှာ စိုက်ပျိုးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013