DVB Logo
Home
မြန်မာသတင်း
ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ်ကို ဗဟိုဘဏ် Online Trading အစီအစဉ်အောက်တွင် လုပ်ဆောင်မည်
DVB
·
August 14, 2023
ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ်ကို ဗဟိုဘဏ် Online Trading အစီအစဉ်အောက်တွင် လုပ်ဆောင်မည်
Donate to DVB

ရွှေစျေးနှုန်းတည်ငြိမ်ဖို့အတွက်‌ ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ်တွေကို ဗဟိုဘဏ်ရဲ့ Online Trading အစီအစဉ်အောက်မှာ လုပ်ဆောင်မယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဆိုပါတယ်။

ဩဂုတ် ၁၂ ရက်က နေပြည်တော် ဗဟိုဘဏ်မှာ ပြုလုပ်တဲ့ နိုင်ငံခြားငွေကြေး ထိန်းသိမ်းကြပ်မတ်ရေး အစည်းအဝေးမှာ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌက အခုလို ပြောကြားခဲ့တာပါ။

အဲဒီ Online Trading အစီအစဉ်မှာ တရားဝင် မှတ်ပုံတင်လက်မှတ်ရှိသူတွေသာ စံချိန်စံညွှန်း သတ်မှတ်ချက်တွေနဲ့အညီ ရောင်းဝယ်ခွင့် ပြုသွားမယ်လို့လည်း ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “လူမှုကွန်ရက်မှာတော့ တွေ့လိုက်ပါတယ်။ တကယ် လက်တွေ့ ဘယ်လိုတွေလုပ်မယ် ဆိုတာတော့ ဘယ်သူမှ မသိသေးဘူးပေါ့။ သူတို့ တကယ် လက်တွေ့လုပ်လာမှပဲ အခြေအနေကြည့် သုံးသပ်လို့ရမှာ။ ကျနော့်စိတ်ထင် မလွယ်ပါဘူးခင်ဗျ။ အဆင်ပြေဖို့ သိပ်မလွယ်လှပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ရွှေစျေးနှုန်းကို ထိန်းညှိဖို့ အခုလို နည်းလမ်းတမျိုးနဲ့ လုပ်ဆောင်လာပေမဲ့ ပြည်တွင်း‌ရွှေစျေးဟာ ရောင်းအား၊ ဝယ်အားနဲ့ ကမ္ဘာ့ရွှေစျေး၊ ဒေါ်လာစျေး အတက်အကျတို့ ပေါ်မှာသာ မူတည်နေတယ်လို့ ရန်ကုန်မြို့ခံ ရွှေလုပ်ငန်းရှင်တဦးကလည်း ဒီဗွီဘီကို မှတ်ချက်ပေးပါတယ်။

ဗဟိုဘဏ်အစည်းအဝေးမှာ ရွှေစျေးမတည်ငြိမ်၊ ကမောက်ကမဖြစ်အောင် စျေးကစားသူတွေထဲ ရွှေဆိုင်တွေ ပါဝင်ခြင်းရှိမရှိနဲ့ လုပ်ငန်းလိုင်စင်နဲ့ မှတ်ပုံတင်မရှိဘဲ အရောင်းအဝယ် ပြုလုပ်နေမှုတွေ ရှိမရှိကိုလည်း သေချာစိစစ်ဖို့ လိုအပ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုခဲ့ပြီး လုပ်ငန်းလိုင်စင်မရှိဘဲ အွန်လိုင်းမှာ နိုင်ငံခြားငွေ ရောင်းဝယ်သူတွေ၊ စျေးကစားသူတွေကိုလည်း အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီအစည်းအဝေးမှာ နိုင်ငံခြားငွေ၊ ရွှေစျေးကွက်အပြင် အိမ်ခြံမြေနဲ့ ကားစျေးကွက်ကိုပါ Online Trading အစီအစဉ်အောက်ကနေ လုပ်ဆောင်စေဖို့လည်း ဆွေး‌‌‌‌‌‌‌‌နွေးခဲ့ကြတယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေအပေါ် လူထုယုံကြည်မှု ကျဆင်းခဲ့ပြီး ငွေလက်ဝယ်ရှိသူတွေက ရွှေ၊ ဒေါ်လာနဲ့ အိမ်ခြံမြေ ပစ္စည်းတွေအပေါ် ဝယ်ယူ ရင်းနှီးမြှုပ်နှံတာတွေ များလာပြီး စျေးနှုန်းတွေ အဆမတန် မြင့်တက်လာပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေနဲ့ နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုအရ လက်ရှိမှာ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျပြီး အမေရိကန်တဒေါ်လာကို ငွေကျပ် ၃,၆၀၀ အထက်ထိ မြင့်တက်လာကာ ရွှေစျေးက တကျပ်သားကို ကျပ် ၃၇ သိန်းအထက်ထိ ပြန်လည်ရောက်ရှိလာပါတယ်။

ရန်ကုန်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်တဦးက “ရွှေစျေးက ဒေါ်လာစျေးတက်လို့ တက်လာတာပါ။ စျေးကျတော့ သိန်း ၃၀ လောက်ပဲ ပြောကြတာပေါ့။ တကယ်တွက်လို့ရှိရင်တော့ ၁၅ ပဲရည်က ၃၅ သိန်းစျေးနဲ့ တွက်ကြပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေတန်ဖိုး မြင့်တက်နေတာက စျေးကစားသူတွေက ကောလာဟလ သတင်းအမျိုးမျိုး ထုတ်လွှင့်ပြီး ငွေကြေးစျေးကွက် ကမောက်ကမ ဖြစ်စေအောင် လှုံ့ဆော်နေတာကြောင့် ဖြစ်ကြောင်း၊ နိုင်ငံခြားငွေကြေးတွေကို တရားမဝင် ဟွန်ဒီနည်းလမ်း၊ ငွေသားလက်သိပ်ထိုးရောင်းတဲ့ နည်းလမ်းနဲ့ နယ်စပ်ဒေသမှာ တရားမဝင် ရောင်းချမှုတွေကြောင့် နိုင်ငံခြားငွေတန်ဖိုး မြင့်တက်နေတာဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013