
စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်ကို ရောက်လာတဲ့ စစ်ရှောင်တွေဟာ အထောက်အပံ့မရတာ ၈ လကြာပြီဖြစ်တဲ့အတွက် စားစရာ အခက်အခဲတွေ ဖြစ်ကြရတယ်လို့ သိရပါတယ်။
ပင်လောင်းဒေသမှာ အလုပ်အကိုင်လည်း ရှားပါးတာကြောင့် စစ်ရှောင်တွေဟာ ဝင်ငွေလည်းမရှိဘဲ ဆန်ပြုတ်သောက်ရတဲ့အဆင့်ထိ ဖြစ်ရတယ်လို့ ဆိုပါတယ်။
ပင်ခွန်ကျေးရွာ စစ်ရှောင်စခန်းရှိ စစ်ရှောင်တဦးက“အလှူရှင်လည်းမလာဘူး၊ လာရင်လည်း မြို့ပေါ်ဘက်လောက်ပဲ လာတာ၊ ရွာဘက်ရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သူတို့မရောက်ဘူး။ စစ်ရှောင်များတာကလည်း ရွာဘက်ပဲ။ ဆန်ပြုတ်နဲ့ပဲ စားရတယ်။ ဆန်ပြုတ်ဆိုပေမဲ့ အာလူးတွေ ဖရုံသီးတွေ ဝါးမျှစ်တွေနဲ့ ရောပြုတ်ပြီးမှ စားရတာ” လို့ ပြောပါတယ်။
ပင်လောင်းဒေသဟာ PNO ပြည်သူ့စစ်ထိန်းချုပ်နယ်မြေဖြစ်ပြီး ဂိတ်တွေမှာ အစစ်ဆေး ကြမ်းတဲ့အပြင် ဆန်နဲ့ လူသုံးကုန်အမျိုးမျိုးကို အကန့်အသတ်နဲ့သာ သယ်ယူခွင့်ရှိတာကြောင့် အလှူရှင်တွေ၊ NGO အဖွဲ့အစည်းတွေ ဝင်ရောက်ကူညီဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
ပင်လောင်းတောင်ဘက် စစ်ရှောင်အရေး ကူညီနေသူတဦးက “ပင်လောင်းမှာ တိုက်ပွဲစဖြစ်ကတည်းက အလှူရှင်တွေ မလာရဲဘူး။ အသစ်ရောက်လာတဲ့ မိုးဗြဲစစ်ရှောင်ဆို မိုးကာတောင်မရသေးဘူး။ ယောကျ်ားလေး မိန်းကလေး ရောပြီး နေနေရတာ။ မိုးကာတခုတည်းဆိုလည်း မိသားစုသုံးလေးခု ရောပြီး နေရတာ။ အိမ်သာဆိုလည်း လူအယောက် ၃၀ ကို တလုံးပဲရှိတာ” လို့ ပြောပါတယ်။
ပင်လောင်းဒေသမှာ စစ်ရှောင်စခန်း ၁၀ ခုကျော်ရှိပြီး လူဦးရေ ၅,၀၀၀ ကျော်ရှိကာ ပင်လောင်းတောင်ဘက် ဆောင်းပြောင်း၊ ပင်ခွန်၊ ဗန်းမောက်၊ ဝါးပြုံး၊ ဆောင်ခါး၊ တောင်လေး၊ ဝါးလီး၊ စင်းတောင်း၊ သစ်ပင်ကောက် စတဲ့ စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်အများဆုံးဖြစ်ကြောင်း သိရပါတယ်။
အဲဒီစစ်ရှောင်တွေဟာ ပင်လောင်းမြို့နယ် တောင်မဲသင်းဒေသက နမ်းနိန်း၊ လုံးပျဉ်နဲ့ ဖယ်ခုံ အနောက်ဘက် ကျေးရွာက ဒေသခံတွေ၊ မိုးဗြဲမြို့နယ်နဲ့ ကရင်နီပြည် ဒီးမော့ဆို၊ လွိုင်ကော်၊ နန်းမယ်ခုံ မြို့နယ်တို့က သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေ အများစု ပါဝင်တဲ့ ဒေသခံတွေလို့ သိရပါတယ်။










