ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးက လပ်ကီးဝမ်းကုမ္ပဏီ လုပ်ကွက်ဟောင်းမှာရှိတဲ့ ကျောက်စိမ်းတောင်ကုမ္ပဏီက စွန့်ပစ်ထားတဲ့ မြေစာတောင်တခု သြဂုတ် ၁၃ ရက် ညနေ ၃ နာရီလောက်က တောင်ကမ်းပါးနံရံပြိုကျမှု ဖြစ်ပွားခဲ့ပြီး မြေစာပုံ ကမ်းပါးပြိုကျစဥ် အောက်ခံနွံကန်အတွင်းက ရေအားရိုက်ခတ်မှုကြောင့် အနီးအပါးက လက်ယက်ကျင်းလုပ်ကိုင်သူတွေ၊ ရေမဆေးသမားတွေ မျောပါပျောက်ဆုံးခဲ့ပါတယ်။
ဒီနေ့အထိ ရရှိထားတဲ့ စာရင်းအရ ဖားကန့်ဆေးရုံကြီးကို ရောက်ရှိနေတဲ့ ကျောက်စိမ်းရှာဖွေသူ ၈ ဦးရှိပြီး လုပ်ကွက် ၆ ခုက ရေမဆေးကျင်းသားနဲ့ ကျောက်စိမ်းတူးဖော်သူ အနည်းဆုံး ၄၀ ခန့်ကို ရှာဖွေကယ်ဆယ်ဖို့ စာရင်းရရှိထားပါတယ်။
သြဂုတ် ၁၄ ရက် ဒီနေ့မနက်အထိ ပျောက်ဆုံးသူတွေကိုလည်းကောင်း၊ ရုပ်အလောင်းတွေကိုလည်းကောင်း ရှာဖွေတွေ့ရှိမှု မရှိသေးတာကြောင့် စွန့်ပစ်မြေစာတွေ ဖယ်ရှားတာ၊ ရေအောက်မှာ ရှာဖွေတာတွေ လုပ်ဆောင်ခဲ့ရာမှာ မနေ့က ပြိုကျထားတဲ့ ကမ်းပါးနံရံတွေကနေ ရေတွေစိမ့်ထွက်စီးဆင်းလာပြီး မြေစာပုံအဟောင်းဖြစ်တာကြောင့် ထပ်မံပြိုကျမှုဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးသမားတွေအနေနဲ့ သတိထား လုပ်ဆောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးသမားတဦးက “မြေစာအဟောင်းမှာ ရေဝနေပြီဆိုတော့ အိကျလာတာ။ အောက်က နွံကန်ဆိုတော့ ပြိုကျတဲ့အခါ ဘေးကလူတွေကို ရေအားနဲ့ ဆွဲချသလိုဖြစ်သွားတယ်။ မြေစာပုံပိတာမျိုးလည်း ဖြစ်နိုင်တယ်။ Dead body တော့ မတွေ့သေးဘူး။ အခုတော့ ထပ်ပြိုလာလို့ နားထားရတယ်” လို့ ဒီဗွီဘီကို ဖြေပါတယ်။
လူပျောက်တိုင်ကြားထားတဲ့ စာရင်းတွေအရ ပျောက်ဆုံးနေသူ စုစုပေါင်း ၄၀ ခန့်အထိ ရှိလာပြီး မိသားစုဝင်က မသိရှိသေးလို့ စာရင်းကောက်ယူလို့ မရသေးတာတွေ ရှိနိုင်သေးတယ်လို့ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တဦးက ပြောပါတယ်။
မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက် ၂ မှာလည်း သြဂုတ် ၅ ရက်က ကမ်းပါးပြိုကျမှု ဖြစ်ခဲ့ပြီး ရေချိုးနေတဲ့ လူလေးဦး ရေစီးနဲ့အတူ မျောပါသွားခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။
ဖားကန့်မြို့နယ်က သယံဇာတတူးဖော်တဲ့ လုပ်ကွက်တွေက ထွက်ရှိတဲ့ စွန့်ပစ်မြေစာပုံတွေကြောင့် မြေပြို၊ ကျင်းပြိုမှုတွေ၊ နွံကန်ပေါက်မှုတွေကြောင့် နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်သူများစွာ အသေအပျောက်ရှိနေပြီး ၂၀၂၀ ခုနှစ်က မြေစာပြိုကျမှုကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့တာက ထိတ်လန့်စရာအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။
Photo : CJ