ဖိလစ်ပိုင်နိုင်ငံမှာ အနောက်တောင်မုတ်သုံလေကြောင့် ရက်ပေါင်းများစွာ မိုးသည်းခဲ့ပြီးတဲ့နောက် မနီလာမြို့တော် မြောက်ဘက်က တောင်တန်းမြို့ ဘာဂီယိုမှာ မြေပြိုခဲ့လို့ လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။
အိမ်တွေ မြေအောက်နစ်မြုပ်သွားပြီးတဲ့နောက် လူ ၁၀ ယောက် သေဆုံးခဲ့ကာ ၃ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။
မြေပြိုပြီး ပျောက်ဆုံးနေသူ ၁၃ ယောက်စလုံးကို ရှာတွေ့ပြီးပါပြီ။ ကယ်ဆယ်ရေးအဖွဲ့တွေ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ အစိုးရအေဂျင်စီတွေက အပျက်အစီးတွေကို ရှာဖို့ ထိခိုက်ခံရတဲ့ ဒေသခံတွေကို ကူညီဖို့ ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ ၂ ရက်ကြာ ဆောင်ရွက်ခဲ့ရတယ်လို့ ဘာဂီယို မြို့တော်ဝန် ဘင်ဂျမင် မာဂါလွန်းက ကြေညာချက်တစောင် ထုတ်ပြန်ပြောပါတယ်။
အပူပိုင်းရာသီဥတုစနစ်တွေကြောင့် အနောက်တောင် မုတ်သုံလေက အားကောင်းလာတာနဲ့အမျှ မြောက်ပိုင်းက လူဇုံကျွန်းမှာ ရက်အတော်ကြာ မိုးသည်းခဲ့လို့ မြေပြိုခဲ့တာပါ။
မိုးသည်းလို့ တောင်တန်းဒေသတလျှောက် ရေကြီးရေလျှံမှု၊ မြေပြိုမှုနဲ့ တခြားပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
အစိုးရက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားပါတယ်။ ရာသီဥတုအခြေအနေတွေ တိုးတက်ကောင်းမွန်လာပြီး ဘေးကင်းလုံခြုံလာတာနဲ့ တပြိုင်နက် အဲဒီဒေသကို စပြီးရှင်းလင်းမယ်လို့ မာဂါလွန်းက ပြောပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်းတွေက မြေလွှာမတည်ငြိမ်တဲ့ လက္ခဏာတွေကို တွေ့ခဲ့ရအပြီး အာဏာပိုင်တွေက အဲဒီဒေသကို အန္တရာယ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။
တုံ့ပြန်သူတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ဒေသခံတွေကို နောက်ထပ် အန္တရာယ်တွေကနေ ကာကွယ်ဖို့ ဝင်ရောက်ခွင့်ကို ကန့်သတ်ရေး တွန်းအားပေးခဲ့ပါတယ်။
Source: Reuters










