DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ရှိ ဝါးလက်မှုလုပ်ငန်း လုပ်ကိုင်သူများ စီးပွားရေးကျပ်တည်း
DVB
·
August 14, 2023
မွန်ပြည်နယ်ရှိ ဝါးလက်မှုလုပ်ငန်း လုပ်ကိုင်သူများ စီးပွားရေးကျပ်တည်း
Donate to DVB

မွန်ပြည်နယ်မှာရှိတဲ့ ဝါးလက်မှုလုပ်ငန်း လုပ်ကိုင်သူတွေဟာ ကျိုက်ထီးရိုးဘုရားဖူးခရီးသည် လာရောက်မှု နည်းပါးတာနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားတာတို့ကြောင့် ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲနေပြီး စီးပွားရေးကျပ်တည်းနေတယ်လို့ ဝါးလက်မှုလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ဝါးလက်မှုလုပ်ငန်းတွေဟာ ပုံမှန်အားဖြင့် ကျိုက်ထီးရိုးဘုရားဖူးခရီးသည်တွေကို အဓိက ရောင်းချကြတာဖြစ်ပြီး အခုလို နိုင်ငံရေးမတည်ငြိမ်ချိန်မှာ ခရီးသွားလာရောက်မှု မရှိသလောက် နည်းပါးတဲ့အတွက် တချို့လက်မှုလုပ်ငန်း လုပ်ကိုင်သူတွေ ဆိုင်ပါပိတ်သိမ်းလိုက်ရတဲ့ အခြေအနေအထိ ရှိနေပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နဲ့ ဘီးလင်းမြို့မှာရှိတဲ့ ဝါးလက်မှုလုပ်ငန်းလုပ်ကိုင်တဲ့ ဆိုင်ပေါင်း ၅၀ ခန့်ဟာ ရောင်းအားမရှိတာကြောင့် စီးပွားရေးကျပ်တည်းမှုနဲ့ ကြုံနေရပါတယ်။

ကျိုက်ထိုမြို့ရှိ ဝါးလက်မှုပစ္စည်းရောင်းချတဲ့ ပိုင်ရှင်တဦးက “နွေဘက်တွေတောင် ထင်သလောက် မရောင်းရတာ၊ မိုးတွင်းဘက်ဆိုတော့ ပိုဆိုးတာပေါ့။ အရင်ကဆို ဘုရားဖူးတွေက အထက်မြန်မာပြည် အပြန်လက်ဆောင်အဖြစ် ခုံတွေ အများကြီး ဝယ်ကြတယ်။ ဝါးကုလားထိုင်တွေဆို အရင်က ရောင်းမလောက်ပဲ။ လုပ်တောင်မလုပ်နိုင်ဘူး။ အခုက အထက်မြန်မာပြည်က ဘုရားဖူးတွေ မလာတော့တဲ့အပြင်ကို ရွာနားမှာက တိုက်ပွဲတွေ ခနခနဖြစ်နေတော့ အရောင်းအဝယ်က ရပ်နေသလို ဖြစ်နေတာ။ အရင်က တရက် ၅ သိန်းကနေ ၁၀ သိန်းထိလောက် ရောင်းရပေမဲ့ အခုဆို စျေးဦးမပေါက်တဲ့နေ့တွေတောင် ရှိတာ။ မိဘအမွေအလုပ်မို့လို့သာ ဆက်လုပ်နေရတာပါ” လို့ ပြောပါတယ်။

ဝါးလက်မှုလုပ်ငန်းတွေရဲ့ ကုန်ကြမ်းတွေပါ စျေးနှုန်းမြင့်တက်လာပြီး မျက်ဆံကျယ်ဝါးမှာ ၂၀၂၁ ခုနှစ်က ကျပ် ၁,၀၀၀ ရှိပေမဲ့ အခု ကျပ် ၁,၅၀၀၊ ထန်းကြောမှာ ၂၀၂၁ ခုနှစ်က ကျပ် ၆,၀၀၀ သာရှိပေမဲ့ အခု ကျပ် ၉,၀၀၀ အထိ မြင့်တက်လာပါတယ်။

ဝါးလက်မှုလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ ဝါးလက်မှုပစ္စည်း အရောင်းပါးတာကြောင့် အလုပ်မရှိတော့ဘဲ စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ ဝါးလက်မှုလုပ်ငန်း လုပ်ကိုင်တဲ့ အလုပ်သမားတဦးက ပြောပါတယ်။

“ဆိုင်တွေက ဝါးနဲ့ပြုလုပ်တဲ့ပစ္စည်းတွေ ရောင်းမထွက်တာဟာ ကျနော်တို့ပါ အလုပ်ဆက်လုပ်လို့ မရတော့ဘဲ စားဝတ်နေရေး ထိခိုက်လာတယ်။ အရင်ကဆို ကုလားထိုင် တခုလုပ်ရင် ၁,၀၀၀ လောက်ရတယ်။ တနေ့ကိုဆို ၁၀,၀၀၀ လောက် အနည်းဆုံးရတယ်။ သူက အလုံးရေနဲ့ဆိုတော့ လုပ်နိုင်ရင် လုပ်နိုင်သလောက်ရတာ။ အခုတော့ အလုပ်သမား အများစုဟာ ထမင်းစားရဖို့ ရွှေလိုက်ကျင်နေရတယ်။ ပိုက်ဆံနည်းနည်းရှိတဲ့သူတွေကတော့ နိုင်ငံခြားထွက် အလုပ်လုပ်ရတာပေါ့။ ကျနော်တို့တရွာလုံးက အဲဒီအလုပ်ပဲလုပ်တာ။ အခုတော့ ၄ ပုံ ၁ ပုံလောက်က တခြားအလုပ်တွေ ပြောင်းလုပ်နေကြပြီ။”

လက်ရှိမှာ တယောက်ထိုင် ဝါးကုလားထိုင်ကို ၄,၀၀၀၊ နှစ်ယောက်ထိုင် ဝါးကုလားထိုင်ကို ၇,၅၀၀၊ တယောက်အိပ် ဝါးကုတင်တလုံးကို ၁၀,၀၀၀ နဲ့ နှစ်ယောက်အိပ် ဝါးကုတင်တလုံးကို ကျပ် ၁၅,၀၀၀ မှ ၁၆,၅၀၀ အထိ စျေးနှုန်းရှိပါတယ်။

မွန်ပြည်နယ်မှာ ဝါးလက်မှုအရောင်းဆိုင်တွေကို ကျိုက်ထိုမြို့နဲ့ ဘီးလင်းမြို့တွေမှာ တွေ့ရှိရပြီး ကုလားထိုင်၊ ကုတင်၊ စားပွဲခုံ၊ ပလိုင်း၊ ဝါးခမောက်နဲ့ ဆန်ကောတွေ အဓိကရောင်းချပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013