
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံနဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ မိုးသက်လေပြင်း တိုက်ခတ်လို့ လူနေအိမ် ၄ လုံး ပြိုကျခဲ့ပြီး အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇူလိုင် ၅ ရက် ညနေ ၆ နာရီဝန်းကျင်က ကွမ်းခြံကုန်းမြို့နယ်၊ သိုက်ကုန်းကျေးရွာမှာ ရုတ်တရက် လေပြင်းတိုက်ခတ်လို့ လူနေအိမ် ၄ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ကျေးရွာမှာလည်း ဇွန် ၅ ရက် ညနေ ၄ နာရီကျော်လောက်က လေပြင်းတိုက်ခတ်လို့ သစ်ပင်လဲကျကာ အသက် ၄၀ ကျော်အရွယ် ဦးထွန်းထွန်းနိုင် ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသူက “ရုတ်တရက် လေပြင်းဒဏ်ကြောင့် ကွမ်းခြံကုန်းမြို့နယ်မှာ နေအိမ်တွေ ပြိုကျကုန်တာ။ လေတိုက်တဲ့အချိန်က သိပ်မကြာဘူး။ လေကပြင်းတော့ အိမ်တွေပြိုကျတာ။ မင်္ဂလာဒုံဘက်မှာက အမျိုးသားတယောက် သစ်ပင်လဲကျလို့ ဒဏ်ရာရတာပါ”လို့ ပြောပါတယ်။
လေပြင်းဒဏ်ကြောင့် ကွမ်းခြံကုန်းမြို့နယ်မှာ နေအိမ်တွေ ပြိုကျပျက်စီးခဲ့ပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘဲ မင်္ဂလာဒုံမြို့နယ်က လေပြင်းဒဏ်ကြောင့် သစ်ပင်လဲကျတဲ့အတွက် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားဟာ မင်္ဂလာဒုံ မေဓာဝီဆေးရုံကို ပို့ဆောင်ထားရပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။
ကွမ်းခြံကုန်းမြို့နယ်က အရပ်သားတယောက်က “လေပြင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့အိမ်တွေက အစုံပါ။ မီးသတ်က ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးပါတယ်။ အုပ်ချုပ်ရေးဘက်က စာရင်းကောက်တာတွေ မရှိသေးပါဘူး”လို့ ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်ဘက်မှာ လေပြင်းဒဏ်ကြောင့် လူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လျှပ်စစ်မီးတိုင်တွေ လဲကျခဲ့တဲ့အတွက် လျှပ်စစ်မီးတွေ ပြတ်တောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကွမ်းခြံကုန်းမြို့နယ်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့တဲ့အပြင် သစ်ပင်တွေ လဲကျတာ၊ လျှပ်စစ်မီးတိုင်တွေ ပြိုကျတာတွေ ဖြစ်ခဲ့ပြီး အပျက်အစီးတွေကို ကူညီကယ်ဆယ်ရေးသမားတွေက ဝိုင်းဝန်းကူညီ ရှင်းလင်းပေးခဲ့ပြီးတယ်လို့ သိရပါတယ်။










