
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စက္ကန့်ရွာ ကျောက်ခွဲစက်နားမှာ စစ်ကောင်စီတပ်သားတွေက ကျွန်းချောင်းရွာဒေသခံသားအမိ ၂ ယောက်ကို ပစ်သတ်ပြီး ရုပ်အလောင်းနဲ့ ဆိုင်ကယ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁၂ ရက်နေ့မနက်ပိုင်းက မြို့တွင်းကနေ ဆေးခန်းပြပြီး ပြန်လာတဲ့ ကျွန်းချောင်းရွာခံ ၄ ယောက်ဟာ အပြန်လမ်းမှာ တိုက်ပွဲနဲ့ကြုံခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့ ဒေသခံတယောက်က “မြို့ထဲကနေ ဆေးခန်းပြပြီး ဆိုင်ကယ် ၂ စီးနဲ့ ၄ယောက်၊ ၂ ယောက်တစီးစီ စီးပြီးပြန်လာကြတာ။ တိုက်ပွဲနဲ့တိုးပြီး ပစ်သတ် ခံလိုက်ရတာ။ ကျန်တဲ့ ၂ ယောက်က ဒူးမှာကျည်ထိမှန်ပြီး ပြေးနိုင်လို့ လွတ်သွားတယ်။ သူတို့သားအမိကတော့ မီးရှို့ပြီး အလောင်းပါဖျောက်ခံရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူတွေဟာ ကျွန်းချောင်းရွာက ချင်းတိုင်းရင်းသားတွေဖြစ်ကြတဲ့ အသက် ၅၀ အရွယ် မိခင် ဒေါ်ဟွေးအီယာန်နဲ့ အသက် ၃၀ အရွယ် သားဖြစ်သူ စမူအဲလ်တို့ သားအမိဖြစ်ပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ရေးကစောင့်ကြည့်ရတဲ့ အနေအထားဖြစ်တာမို့ ပြောပြလို့မရသေးဘူးလို့ ဒေသခံကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။
ဩဂုတ် ၁၀ ရက်နေ့ ညနေပိုင်းကစတင်ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ကလေးမြို့၊ အနောက်တောင်ဘက်မှာရှိတဲ့ စက္ကန့်ကျေးရွာက ဒေသခံလူနေအိမ်တွေကို ဩဂုတ် ၁၂ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ဩဂုတ် ၁၀ ရက်မနေ့ကလည်း တောင်ဖီလာရပ်ကွက်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက မွှန်ထာရွာက ဒေသခံ အမျိုးသားတယောက်ကို ပစ်သတ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ-ဆလိုင်း