
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ပြည်သူတွေရဲ့ တယ်လီဖုန်းတွေကိုစစ်ဆေးပြီး ဒေသခံ ၃ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။
ဩဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်က စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ဟာ မြို့တွင်းမြို့ပြင် နှစ်နေရာမှာ မော်တော်ယာဉ်မောင်းနှင်သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး အမျိုးသမီး တယောက်နဲ့ အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
"ပြီးခဲ့တဲ့ ၄၊၅ ရက်ကတည်းက မြို့အထွက် သံလမ်းမှာ တဖွဲ့၊ မြို့ထဲ ပညာရေးမှူးရုံးရှေ့မှာ တဖွဲ့ စစ်တယ်။ စစ်ဆေးတဲ့နေရာကို ဖြတ်တဲ့ ကား၊ ဆိုင်ကယ်တွေကိုတားပြီး တယ်လီဖုန်းတွေစစ်တယ်။ ဖုန်းထဲ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ တွေ့လို့ အဖမ်းခံရတာ ၃ ယောက်ရှိပြီ။ ၁၁ ရက်နေ့က အမျိုးသားတယောက် ၊ အမျိုးသမီးတယောက်နဲ့ ၁၂ ရက်နေ့မှာ အမျိုးသားတယောက် အဖမ်းခံရတယ်" လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ နဘားရွာနဲ့ မဲဇာရွာတို့က ဖြစ်ပြီး လက်ရှိမှာတော့ အင်းတော်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အင်းတော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ ကျောင်းသား တပ်မတော် ABSDF တို့ မကြာခဏ စစ်ရေးတင်းမာနေသလို ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မံဟဲကျေးရွာကို စစ်ကြောင်းနဲ့ ဝင်ရောက်ပြီး ကျေးရွာဒေသခံ အမျိုးသား ၅ ယောက်ကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။










