DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးတွင် စစ်ကောင်စီတပ်များ တိုက်ခံရပြီး အသေအပျောက်ရှိ
DVB
·
August 13, 2023
ဆားလင်းကြီးတွင် စစ်ကောင်စီတပ်များ တိုက်ခံရပြီး အသေအပျောက်ရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ရေကြောင်းကဆန်တက်လာတဲ့ စစ်ကောင်စီ ရိက္ခာပို့ သင်္ဘောနဲ့ ဝမ်ပေါင်ကြေးနီလုပ်တူးဖော်ရေးလုပ်ငန်းက စစ်ကောင်စီ ကင်းစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

ချင်းတွင်းမြစ်ကြောင်းတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂ဝ လောက်ပါတဲ့ ရိက္ခာတင်ထောက်ပို့ရေယာဉ်ကို သြဂုတ် ၁၂ ရက် မနက်ပိုင်းမှာ ဆားလင်းကြီးမြို့မြစ်ကမ်းတနေရာကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်တွေဆီက သိရပါတယ်။

ရေယာဉ်ဆန်တက်လာတယ်လို့ သတင်းရရှိခဲ့တဲ့အတွက် စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီရေယာဉ်ကို လက်နက်ကြီးနဲ့ ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ Hero Fighter (salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။

"ထောက်ပို့ရေယာဉ်ပါ။ မြေပြင်စစ်ကြောင်းကို ရိက္ခာလာပို့တာဖြစ်ပါတယ်။ တိုက်ပွဲ ဖြစ်ပွားချိန် မိနစ် ၃ဝ လောက်ရှိပါတယ်ဗျ။ သူတို့ဘက်ကလည်း  စက်လတ်တွေ မော်တာတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ ကျနော်တို့ဘက်က ရှေ့ထွက်ပြောင်း တိုက်ကျည်က သူတို့ရေယာဉ် ကိုယ်ထည်ကိုထိမှန်ပြီး ကိုယ်ထည် ယိမ်းခါသွားတာကို မျက်မြင်တွေ့ရပါတယ်။ အသေအပျောက်ကတော့ ရှိနိုင်ပေမဲ့ အတည်မပြုနိုင်သေး ပါဘူးဗျ" လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေကို Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့နဲ့အတူ Chindwin Dynamite (Salingyi)၊ Fighter 9 Force (Salingyi)၊ တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပါဝင်ခဲ့တဲ့ တပ်ဖွဲ့တွေအနေနဲ့ ကျည်အင်အားလျော့နည်းနေတဲ့အတွက် ချွေတာသုံးစွဲနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့ကလည်း ရေစကြိုမြို့ဘက်ကနေ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို လာရောက်တဲ့ စစ်ရေယာဉ် ၅ စင်းကို Hero Fighter(Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့နဲ့ မဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ ပါသေးတယ်။

ဩဂုတ် ၁၁ ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ဝမ်ပေါင်ကြေးနီလုပ်တူးဖော်ရေးလုပ်ငန်းရဲ့ ကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတယောက် သေဆုံးခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်အခြေစိုက် One Star Task Force- OSTF အဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သားတယောက်သေဆုံးတာကို အဲဒီအဖွဲ့က အတည်ပြု ပြောဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲမှာ မြန်မာစစ်ကောင်စီနဲ့ တရုတ်အစိုးရတို့ အကျိုးတူပူးပေါင်း လုပ်ဆောင်နေတဲ့ ယမ်စီကြေးနီလုပ်ငန်းနဲ့ ဝမ်ပေါင်ကြေးနီလုပ်ငန်းတို့ရှိပြီး အဲဒီ လုပ်ငန်းနှစ်ခု လည်ပတ်နိုင်ဖို့အတွက် ကင်းတဲ ၅၀ ကျော်နဲ့ စစ်ကောင်စီတပ်အင်အား ၃၀၀ ကျော်က အနီးကပ်လုံခြုံရေး ယူထားပေးထားသလို ဆားလင်းကြီး မြို့နယ်ထဲမှာလည်း ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတာပါ။

OSTF အဖွဲ့ခေါင်းဆောင်က “ကင်းစောင့်နေတဲ့ စစ်သားတယောက်သေတာတော့ ကျနော်တို့ အတည်ပြုထားတယ်။ ဒီနေရာက အမြဲ လုံခြုံရေးပြည့်နေတော့ တိုက်ခိုက်ဖို့ အချိန်ယူရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း ဝမ်ပေါင်ကြေးနီလုပ်ငန်းက ဆားလင်းကြီးမြို့နယ်၊ ဝက်မှေးရွာဟောင်းကို ခြံခတ်သိမ်းဆည်းလိုက်တဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေ ပိတ်မိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013