
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာတွေက ဒေသခံဦးရေ ၁ဝဝဝ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၁၂ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က တနင်္သာရီမြို့နယ်ထဲက အရှေ့မော်တုန်းကျေးရွာကို စစ်ကောင်စီအင်အား ၁၀၀ လောက် စစ်ကြောင်းထိုးလာတာဖြစ်ပြီး အရှေ့မော်တုန်းကျေးရွာက ဒေသခံတချို့နဲ့ ချောင်းအနီးတဖက်မှာရှိတဲ့ အနောက်မော်တုန်းကျေးရွာနဲ့ ထုံနွယ်ကျေးရွာတို့က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတယောက်က "အခု ကျွန်းထိန်ဗလီမှာ စစ်သားတွေ ထမင်းချက်စား နေကြတယ်။ ရွာသားတွေလဲ တယောက်မှမရှိတော့ဘူး။ အားလုံးထွက်ပြေးကုန်ကြပြီ။ နှစ်ဖက်စလုံးနေရာယူထားကြတယ်။ လက်နက်ကြီးလောက်ပဲကြောက်ရတယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်ထိတော့ စစ်ကောင်စီတပ်သားတွေက ထုံနွယ်၊ ရွာမ အရှေ့မော်တုန်းရွာနဲ့ အနောက်မော်တုန်းရွာဘက်က လှေဆိပ်တွေမှာ အင်အားဖြန့်ကျက်ထားပြီးတော့ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးပြင်ဆင်နေပြီး စစ်ရေးတင်းမာနေပေမဲ့ မနေ့ညနေအချိန်ထိတော့ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ တနင်္သာရီဘက်ကနေ နောက်ထပ် စစ်ကား ၄ စီးနဲ့ အင်အားဖြည့်တင်းဖို့ ဆင်းလာသေးတယ်လို့လည်း သိရပါတယ်။
အရင်ကလည်း အရှေ့မော်တုန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ အနောက်မော်တုန်း ကျေးရွာဘက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားလေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။











