
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြင်သားရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၂ ယောက်သေဆုံးပြီး ၄ နှစ်အရွယ်ကလေးအပါအဝင် ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်းက မြောက်ခင်ရန်းပျူစောထီးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ မြင်သားရွာဘက်ကို လက်နက်ကြီး ၁၂၀ မမ ၅လုံး ပစ်ခတ်ခဲ့ပြီး ရွာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းကို ကျခဲ့တာဖြစ်ပါတယ်။
လက်နက်ကြီးကျည်စ်တွေဟာ မြင်သားရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၅၀ အရွယ်အမျိုးသမီးတယောက်ကို ထိမှန်လို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၄ နှစ်အရွယ် ကလေးကတော့ ဘယ်ဘက်နားရွက် ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။
ဂန့်ဂေါနယ်က ဒေသခံတယောက်က "သေဆုံးသူတွေမပါရင် ယောကျာ်းလေး ၂ ယောက်၊ မိန်းကလေး ၃ ယောက်ဒဏ်ရာရတယ်။ အဲဒီရွာမှာ PDF လည်း မရှိပါဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။
မြင်သားရွာမှာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး လက်နက်ကြီးကျလို့ ၂ လုံး ပျက်စီးသွားသလို ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၅ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သာလင်းရွာက ဒေသခံအမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။










