
အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းပေါ်က မာဝီတောမီးကြောင့် သေဆုံးသူဦးရေဟာ သြဂုတ် ၁၁ ရက် မှာ အယောက် ၈၀ အထိ မြင့်တက်လာခဲ့ပါပြီ. ရှာဖွေရေးအဖွဲ့တွေက မီးခိုးငွေ့တွေ လောင်ကျွမ်း နေတဲ့ လာဟိုင်းနာဒေသရဲ့ အပျက်အစီးတွေကို ဖြတ်ကျော်ပြီး ပိုက်စိပ်တိုက် ရှာနေကြပါတယ်။
ဟာဝိုင်အီအာဏာပိုင်တွေကတော့ သမိုင်းဝင် အပန်းဖြေမြို့ တခွင်လုံး မီးက ဘယ်လိုမြန်မြန် လောင်ကျွမ်း ပျံ့နှံ့သွားတာလည်းဆိုတာ သိဖို့ အချက်အလက်တွေကို ရှာခဲ့ကြပါတယ်။
ဒီမီးလောင်ကျွမ်းမှုဟာ ပြည်နယ်သမိုင်းမှာ အသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ် ဖြစ်လာပါတယ်။
အမေရိကန်ပြည်ထောင်စုထဲကို ဟာဝိုင်အီ ဝင်ရောက်ပြီး တစ်နှစ်အကြာ ၁၉၆၀မှာ ဖြစ်ခဲ့တဲ့ ဟာဝိုင်အီ ကျွန်းကြီးမှာ လူပေါင်း ၆၁ ဦး သေဆုံးခဲ့တဲ့ ဆူနာမီလှိုင်းထက် အသေအပျောက် သာလွန်ခဲ့ပါတယ်။
ဒီမီးလောင်မှုကြောင့် အဆောက်အဦ ၁၀၀၀ လောက် မီးလောင်ပြီး လူထောင်နဲ့ချီတဲ့ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
လူသေအလောင်း ရှာဖွေရေး ခွေးတွေပါတဲ့ ရှာဖွေရေးအဖွဲ့တွေဟာ နောက်ထပ်သေဆုံးသူတွေကို ရှာဖွေတွေ့ရှိနိုင်သေးတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
Source-Reuters










