
ဆူနာမီကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံက သန့်စင်ထားတဲ့ ရေဒီယိုသတ္တိကြွရေတွေကို သမုဒ္ဒရာထဲ စွန့်ထုတ်မယ့် ဂျပန်နိုင်ငံရဲ့ အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော် ဆိုးလ်မြို့လယ်မှာ သြဂုတ် ၁၂ ရက်က တက်ကြွလှုပ်ရှားသူတွေ စုဝေးဆန္ဒထုတ်ဖော်ကြပါတယ်။
ဆိုးလ်မြို့တော်ခန်းမနားမှာ ဆန္ဒပြသူထောင်ပေါင်းများစွာဟာ "ဖူကူရှီးမားကနေ ရေဒီယိုသတ္တိကြွ ညစ်ညမ်းရေတွေကို သမုဒ္ဒရာထဲ ဖောက်ထုတ်တာ ချက်ချင်းရပ်၊ "ပစိဖိတ်သမုဒ္ဒရာကို ကာကွယ်ကြစတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။
ဂျပန်နိုင်ငံဟာ ဩဂုတ်လနှောင်းပိုင်းမှာ သမုဒ္ဒရာထဲကို ရေတွေ စတင်ဖောက်ထုတ်ဖို့ စီစဉ်နေတယ်လို့ အမည်မဖော်တဲ့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဂျပန်နိုင်ငံက အဆာဟိရှင်းဟွန်းနေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။
ဂျပန်နဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီတို့က ဘေးကင်းတယ်လို့ ပြောပေမဲ့ အနီးနားနိုင်ငံတွေက အစားအစာတွေ ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှာကို စိုးရိမ်နေတာပါ။
ညစ်ညမ်းရေတွေ သမုဒ္ဒရာထဲဖောက်ချဖို့ စက်ရုံကို လည်ပတ်လုပ်ကိုင်နေတဲ့ တိုကျို လျှပ်စစ်စွမ်းအင်ကုမ္ပဏီကို လွန်ခဲ့တဲ့လက ဂျပန်နိုင်ငံရဲ့ နျူကလီးယား ထိန်းညှိရေးဌာနက ခွင့်ပြုချက်ပေးခဲ့ပါတယ်။
Source-Reuters










