DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များရှိသည့် စစ်ကိုင်းက ဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ
DVB
·
August 12, 2023
စစ်ဘေးရှောင်များရှိသည့် စစ်ကိုင်းက ဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ
Donate to DVB

စစ်ဘေးရှောင်ပြည်သူတွေစုဝေးနေတဲ့ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာ၊ ကံဦးဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ အင်အားပြင်း ဗုံးသီးတလုံး မနေ့က ကြဲချခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဇီကြီးရွာမှာ ပြုမူခဲ့သလို ထပ်မံပြုလုပ်ခဲ့တာဖြစ်ပြီး ရွာသား ၃၀ ထက်မနည်းကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။

မနက်အစောပိုင်း ၄ နာရီလောက်မှာ ဗုံးလာကြဲတာဖြစ်ပြီး လတ်တလောမှာ တလိုင်းရွာနဲ့ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်သားတွေက စီးမိထားတာကြောင့် ထိခိုက်သေဆုံးသူစာရင်းကို အတိအကျမသိနိုင်သေးဘူးလို့ မတ္တရာဒေသခံ PDF ခေါင်းဆောင်တယောက်ကပြောပါတယ်။ 

"ပဇီကြီးလောက်တော့မများလောက်ဘူး၊ ဒါပေမယ့် များတယ်ဗျ။ အစောပိုင်းက နေရာမတည်ငြိမ်တာ အခုတော့တည်ငြိမ်သွားပြီ ကံဦးကျောင်းပဲ။ လေယာဉ်ချတယ် ဆိုတာကလည်း Location အတိအကျနဲ့ ချတယ်ဆိုတော့ သတင်းပေါက်ကြားမှု တစုံတရာကတော့ ရှိကိုရှိတယ်ဗျာ၊ ဘယ်လိုအကြောင်းဆိုတာကို ကိုယ်က ဂဃနဏ မသိနေတာ၊ လေယာဉ်ပထမ တခါဝဲတယ် ဘာမှမလုပ်သွားဘူး။ ဒုတိယတကြိမ် ဝဲတဲ့အခါမှာ တလုံးပစ်ချသွားတာပဲ၊ တလုံးတည်း တလုံးတည်း၊ လက်ရှိမှာတော့ စဉ့်ကိုင်ကို ဝင်ကပ်တဲ့ခွေးကြောင်းက တလိုင်းရွာကိုဝင်သွားပြီ အဲ့ဒီနေရာကို သူတို့ခွေးကြောင်းကစီးမိသွားပြီ၊ ရွာသားတွေလည်း အဖမ်းခံထားရတယ်ပြောတယ်"

ဩဂုတ် ၈ ရက်နေ့ ည ၁၂ နာရီမှာ ဝက်လက်မြို့နယ်၊ ရှိန်းမကားရွာကို အင်အား ၈၀ ကျော်နဲ့ဝင်ခဲ့တဲ့ ခလရ ၁၂ က စစ်ကောင်စီတပ်သားတွေနဲ့ ရွာသာယာ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၉ ရက်နေ့ ညနေပိုင်းမှာ ရှိန်းမကားရွာက ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းနဲ့ ရိက္ခာတွေကို သယ်ထုတ်ခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက်နေ့မနက် ၁၀ နာရီဝန်းကျင်မှာတော့ ရှိန်းမကားရွာဘက်ကနေ ဧရာဝတီမြစ်ရိုးအတိုင်းစုန်ဆင်းလာပြီး စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်(မြောက်)ရွာက ထောက်ရှာပင်ဆိပ်ကို ဩဂုတ် ၁၁ ရက်နေ့ မနက် ၃ နာရီမှာ ရောက်လာတာပါ။

အဲ့ဒီနောက် မနက် ၄ နာရီဝန်းကျင်မှာ တလိုင်းရွာ အနောက်မြောက်ဘက်မှာ တည်ရှိတဲ့ စစ်ဘေးရှောင်တွေခိုလှုံရာ ကံဦးကျောင်းကို ဗုံးတလုံးချခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်း ဒေသခံ PDF ခေါင်းဆောင်တယောက်က "တလိုင်းရွာရဲ့မြောက်ဘက်က ကံဦးဘုန်းကြီးကျောင်းကိုပစ်သွားတာ၊ တိုက်ပွဲမရှိဘူး၊ သူတို့ဆီကိုရောက်တဲ့သတင်းက အဲ့ဒီမှာ PDF တွေ ၁၀၀ လောက်စုနေတယ်ဆိုတဲ့ သတင်းမှားတခု သူတို့ရဖို့ရှိပါတယ်။ လတ်တလော သူတို့အခု အဲ့ဒီမှာရှိသေးတယ်။ အခု လတ်တလောတော့ မှန်းလို့မရသေးဘူးဆိုတာက ညခင်းတုန်းကထွက်ပြေးသွားတဲ့ပြည်သူ ၃၀ ကျော်လောက်က ရွာထဲမှာ ဓားစာခံတွေတော့ရှိသေးတယ်။ ၄ နာရီ ၁၅ ဆိုတော့ တလိုင်းရွာက ရွာလည်းကြီးတဲ့အခါကြတော့ အားလုံးအစုံမထွက်မိဘူးပေါ့။ တချို့လည်း ထွက်ရင်းပိတ်မိသွားတာတွေရှိသေးတယ်။ ကျနော်တို့က စစ်ရေးပစ်မှတ်မဟုတ်ဘဲနဲ့ ဒါတွေဖြစ်တဲ့အပေါ်မှာတော့ သဘောမကျဘူး။ စစ်ရေးပစ်မှတ်ရှိတဲ့နေရာတွေ ပစ်သွားတာဆို ပြဿနာမရှိဘူး။ ပြည်သူတွေကြီးပဲရှိတဲ့နေရာပစ်သွားတာကြတော့ ပြည်သူတွေအကြောက်တရားဝင်သွားအောင်လား ဘာရည်ရွယ်ချက်လဲပေါ့လေ" လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝက်လက်မြို့နယ်တို့က တောတွေထဲမှာ PDF ပူးပေါင်းအဖွဲ့တွေ အခြေစိုက်တယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီက အဲ့ဒီနယ်မြေကိုထိန်းချုပ်ဖို့ ဆက်တိုက်ကြိုးစားနေတာဖြစ်ပါတယ်။

ဝက်လက်မြို့နယ်ကို Lock Down ချပြီး အဝင်အထွက်တွေ တင်းကြပ်နေသလို ဇူလိုင်လဆန်းကတည်းက အင်အားအမြောက်အများသုံးပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့တာမအောင်မြင်တာကြောင့် အခုလို အင်အားပြင်းဗုံးသီးကြဲချပြီး ပြည်သူတွေကို ကြောက်စိတ်ဝင်အောင်လုပ်တာဖြစ်နိုင်တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013