
အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေအကြားမှာပဲ တနိုင်ငံလုံးမှ ဒေသဆိုင်ရာ စစ်သားစု ဆောင်းရေး စင်တာတွေရဲ့ အကြီးအကဲတွေကို ရာထူးက ထုတ်ပယ်ကြောင်း သြဂုတ် ၁၁ ရက်မှာ ယူကရိန်းသမ္မတ ဇလန်းစကီးက ကြေညာခဲ့ပါတယ်။
ယူကရိန်းရဲ့ လူသစ်စုဆောင်းရေးဌာနတွေကို ပြန်လည်သုံးသပ်မှုမှာ ပရော်ဖက်ရှင်နယ် အလွဲသုံးစားမှုရဲ့ လက္ခဏာရပ်တွေ ပေါ်ပေါက်လာပြီး အဲဒါတွေဟာ တရားမဝင် ချမ်းသာကြွယ်ဝမှုကနေ စစ်ပွဲကာလအတွင်း တားမြစ်ထားပေမယ့် စစ်မှုထမ်းဖို့ အရည်အချင်း ပြည့်မီတဲ့ အမျိုးသားတွေကို နယ်စပ်ဖြတ်ကျော် ပို့ဆောင်ခြင်းအထိ ရှိနေတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
အားလုံး စုစုပေါင်း စစ်သားစုဆောင်းရေး စင်တာတွေက အရာရှိတွေရဲ့ ရာဇဝတ်မှု ၁၁၂ မှု ရှိပြီး တိုင်းဒေသကြီး၊ မြို့တော်နဲ့ခရိုင် စုဆောင်းရေးမှူးတွေ၊ စစ်ဖက် ကျန်းမာရေးကော်မရှင် ဝန်ထမ်းတွေ နဲ့ တခြားအရာရှိတွေကို သတိပေးချက် ၃၃ ခု ထုတ်ပြန်ထားကြောင်း ပြောပါတယ်။
ဒွန်နက်စ်ခ်၊ ပိုလ်တာဗာ၊ ဗင်းနစ်ရှာ၊ အိုဒက်ဆာ၊ ကိယဗ်၊ လဗိဗ် အစရှိတဲ့ ဒေသအသီးသီးက အာဏာအလွဲသုံးစားလုပ်မှုတွေကို အစီရင်ခံခဲ့ကြောင်းနဲ့ အရာရှိတွေဟာ လာဘ်ပေးလာဘ်ယူ ငွေသား သို့မဟုတ် ဒစ်ဂျစ်တယ်ငွေကြေးနဲ့ လက်ခံတာတခုပဲ ကွာခြားပြီး ကဲ့ရဲ့ရှုံ့ချစရာ လုပ်ရပ်ကတော့ အားလုံး အတူတူပဲ လို့လည်း ဇီလန်စကီးက ဆိုပါတယ်။
ဒေသဆိုင်ရာ စစ်သားစုဆောင်းရေး အရာရှိတွေအားလုံးကို အလုပ်က ထုတ်ပစ်လိုက်ပြီး ရာဇ၀တ်မှု ဖွင့်ခံထားရတဲ့ စုဆောင်းရေးအရာရှိတိုင်းဟာ တရားမျှတပြီး တာဝန်အပြည့်အဝ ယူရမှာဖြစ်ကြောင်း၊ ရာဇဝတ်မှု အထောက်အထား မရှိဘဲ အလုပ်ထုတ်ခံရတဲ့ စစ်သားစုဆောင်းရေး အကြီးအကဲတွေနဲ့ တခြားအရာရှိတွေဟာ သူတို့ရဲ့ စစ်ရာထူးကို ထိန်းသိမ်းပြီး သူတို့ရဲ့ ဂုဏ်သိက္ခာကို သက်သေပြ ချင်ရင် ရှေ့တန်းကို သွားနိုင်ကြောင်းနဲ့ ဒါပေမယ့် စစ်ရေးတာဝန် ထမ်းဆောင်မှုက ရာဇ၀တ်မှု ပြစ်ဒဏ်ကို အစားထိုးတာ လုံးဝ မဟုတ်ကြောင်း သမ္မတ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းဟာ ရုရှားနဲ့ စစ်ပွဲကာလ ၁၈ လ နီးကပ်လာချိန်မှာ စစ်သားစုဆောင်းရေးပိုင်းမှာ စိန်ခေါ်မှုတွေေဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး စစ်တပ်ဟာ တခါတရံ အကျင့်ပျက်ခြစားမှု သို့မဟုတ် စစ်သားစုဆောင်းရေးပိုင်းက လာဘ်စားမှုနဲ့ အဆင်မပြေမှု အရှုပ်တော်ပုံတွေကို ဖော်ထုတ်ခံရတာ ဖြစ်ပါတယ်။
Source-Reuters










