
တရုတ်နိုင်ငံမြောက်ပိုင်း ဟယ်ပေးပြည်နယ်မှာ မကြာသေးခင်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် ဩဂုတ် ၁၀ ရက်အထိ လူ ၂၉ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး သူတို့ကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ဩဂုတ် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
သောကြာနေ့ မနက်ပိုင်းက ပြည်နယ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာ မိုးသည်းထန်စွာရွာသွန်းပြီး ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေ ကြောင့် ပြည်နယ်အတွင်းရှိ ခရိုင်တွေ၊ မြို့တွေနဲ့ စီရင်စုပေါင်း ၁၁၀ လောက်မှာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဟယ်ပေးပြည်နယ် အမှုဆောင် ဒုအုပ်ချုပ်ရေးမှူး ကျန်းချန်းရှုံန် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကြာသပတေးနေ့အထိ ရေကြီးမှု ကြောင့် ဟယ်ပေးပြည်နယ်မှာ ခန့်မှန်းခြေ လူပေါင်း ၃ ဒသမ ၈၉ သန်း ထိခိုက်ခဲ့ရပါတယ်။
ပြည်နယ်ရဲ့တိုက်ရိုက်စီးပွားရေး ဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၈ ဘီလီယံ လောက်ရှိပြီး သဘာဝဘေးအန္တရာယ်ရဲ့ အလုံးစုံ အတိုင်းအတာကိုတော့ အကဲဖြတ် စစ်ဆေးဆဲ ဖြစ်ပါတယ်။
မကြာသေးခင်က မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း ဟယ်ပေးပြည်နယ်မှာ စုစုပေါင်း မိုးရေချိန် ကုဗမီတာ ၂၇ ဒသမ ၅ ဘီလီယံအထိ ရွာသွန်းခဲ့ကြောင်းလည်း သတင်းစာရှင်းလင်းပွဲအရ သိရပါတယ်။
ဒီပြည်နယ် အတွင်းရှိ ရေလှောင်ကန်တွေမှာ ၁ စက္ကန့်လျှင် ၇,၈၂၀ ကုဗမီတာအထိ ရေတွေ လျှံတက်ခဲ့ကြောင်း သိရပါတယ်။
Source-Reuters










