မွန်ပြည်နယ်မှာ ရေကြီးရေလျှံဖြစ်လို့ သထုံမြို့နယ်ထဲမှာ စပါးစိုက်ဧက ၃ သောင်းကျော် နစ်မြုပ်နေပြီး ရေပြန်ကျသွားတဲ့ ဘီးလင်းမြို့နယ်မှာလည်း အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
ဩဂုတ် ၁၀ ရက်က ဘီးလင်းမြစ်ရေ ပြန်လည်ကျဆင်းသွားတာကြောင့် ခရီးသွားကားတွေ ပြန်လည်သွားလာနေပြီဖြစ်ပြီး ရေနစ်မြုပ်ခဲ့တဲ့ နေအိမ်အများစုလည်း အိမ်ကိုပြန်ဖို့ စီစဉ်နေကြပေမဲ့ လက်တလောမှာ သောက်သုံးရေနဲ့ အစားအသောက်တွေ လိုအပ်နေကြတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဘီးလင်းမှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၇ ခု ရှိနေပြီး ကယ်ဆယ်ရေးစခန်းကို လာလို့မရဘဲ ကျေးရွာတွေမှာ အဆင်ပြေသလိုနေရတဲ့ ပြည်သူတွေနဲ့ဆိုရင် ရေဘေးရှောင်နေရသူ တသောင်းလောက်ရှိနေပါတယ်။
ရေကြီးမှုတွေကြောင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းမှာ အများဆုံး ပျက်စီး ဆုံးရှုံးထားကြပြီး လုပ်ငန်းပြန်လည်စတင်ဖို့က အချိန်ယူရဦးမယ်လို့ ဒေသခံတွေက ပြောပါတယ်
သထုံမြို့နယ်မှာတော့ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မိုးစပါးစိုက်ဧက ၃၀,၀၀၀ ကျော်ဟာ ရေနစ်မြုပ်နေပြီး ပျက်စီးဆုံးရှုံးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်
ဒုံဝန်း၊ မိုးကောင်း၊ ဓနုကတိုက်၊ ကတိုက်ကလေး၊ တောကြီးကျေးရွာအုပ်စုတို့နဲ့ ဒုံသမိမြစ်နားက အောင်းစိုင်၊ ဝင်းစိန်၊ ကျောက်တန်း အပါအဝင် ကျေးရွာအုပ်စု အများပြားမှာ မိုးစပါးစိုက်လယ်တွေ ရေကြီးနစ်မြုပ်ခံရတာပါ။
ပျက်စီးတဲ့ အခြေအနေကိုတော့ ရေကျသွားမှ သိနိုင်မှာဖြစ်ပြီး အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ဖို့ အကူညီတွေလိုတယ်လို့ တောင်သူတွေကဆိုပါတယ်။
မွန်ပြည်နယ်မှာ ဘီးလင်း၊ ကျိုက်ထို၊ သထုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရေကြီးရေလျှံဖြစ်နေပြီး ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးသမားတွေဆီကနေ သိရပါတယ်။