
ကေအဲန်ယူက တပ်လာထိုင်မယ်လို့ ကြေညာပြီးတဲ့နောက် သထုံခရိုင်ထဲမှာ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA) တပ်ဖွဲ့ဝင်တွေ လုံခြုံရေးအတွက် ကင်းလှည့်လာကြပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ နီးစပ်တဲ့သူတွေကတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ မွန်လူထုရဲ့ အကျိုးစီးပွားကိုကာကွယ်တဲ့အနေနဲ့ စစ်ရေးတွေ ထပ်မံပြင်းထန် လာနိုင်တာကို စိုးရိမ်ရတဲ့အတွက် မွန်အမျိုးသားပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
လက်ရှိ မွန်ပြည်သစ်ပါတီ စိုးမိုးနယ်မြေဖြစ်တဲ့ ရေးမြို့အောက်ပိုင်း ခေါဇာဒေသမှာ ကေအဲန်ယူက အသစ်ဖွဲ့စည်းမယ့် တပ်မဟာ ၈ ဌာနချုပ် လာရောက်တပ်ထိုင်မယ်လို့ ကေအဲန်ယူက ကြေငြာပြီးတဲ့နောက် အခုလို ကင်းလှည့်တာဖြစ်ပြီး ပြီးခဲ့တဲ့ လကတော့ မုဒုံမြို့နယ်ထဲမှာ ကင်းလှည့်ခဲ့တာပါ။
မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့နိုင်ငံရေးဆွေးနွေမှု ၃ ကြိမ်မက ပြုလုပ်ခဲ့တဲ့ အဖွဲ့ဖြစ်သလို အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားပါတယ်။
အဲဒီလို စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးပူးပေါင်းနေတဲ့အပေါ် ပြည်တွင်းပြည်ပက မွန်အမျိုးသား အရပ်ဘက်လူမှုအဖွဲ့စည်းတွေသာမက မွန်လူထုက ဆန့်ကျင် ကန့်ကွက်ထားပါတယ်။











