
ရခိုင်မှာ သြဂုတ် ၁ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းနေလို့ ဒေသအလိုက် ရေကြီးရေလျှံဖြစ်ခဲ့ပြီး စိုက်ပျိုးထားတဲ့ လယ်ယာမြေအများအပြားနဲ့ မြောက်ဦးမြို့က စစ်ရှောင်အိမ် ၂၀၀ လောက် ပျက်စီးခဲ့ပါတယ်။
ရေအမြင့်ပေ အများဆုံးရောက်ခဲ့တဲ့ မြောက်ဦးမြို့နယ်က လေးမြို့မြစ်ကမ်းဘေး ဒေသတွေနဲ့ ကျောက်တော်မြို့နယ်က ကုလားတန်မြစ်ကမ်းဘေး၊ ယိုးချောင်း စတဲ့ ဒေသတွေမှာ လယ်တွေအများဆုံးပျက်စီးခဲ့တာပါ။
ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကမ်းဘက်မှာ လယ်သမားတယောက်က” "ဒီဘက်တလျှောက် အကုန်နီးပါးပျက်တယ်။ ဘာမှ လက်ဆုပ်လက်ကိုင် ပြစရာ မရှိခဲ့သလိုပဲ။ နွံနှစ်တွေတင်ကျန်ခဲ့တာပိုဆိုးပါတယ်။ ဒါတွေပြန်ထွန်ယက် စိုက်ပျိုးရမယ်ဆိုရင် ကျနော်တို့လယ်သမားတွေအတွက်မလွယ်ဘူး" လို့ ပြောပါတယ်။
ယိုးချောင်းမြစ်ကမ်းဘက်က ကျေးရွာတွေမှာဆိုရင်လည်း လယ်ယာမြေအားလုံးရဲ့ ၃ ပုံ ၂ ပုံ လောက်ပျက်စီးခဲ့ပြီး ပြန်စိုက်ပျိူးနိုင်ဖို့အတွက် သက်ဆိုင်ရာကို အကူညီတောင်းခံဖို့ ပြင်ဆင်နေကြတယ်လို့ လယ်သမားတယောက်က ဆိုပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း မိုးရွာသွန်းမှုနည်းပါးတာကြောင့် လယ်ယာမြေတချို့ ပျက်စီးခဲ့ပြီး ရေကြီးပြီးနောက်မှာလည်း အခုလို ထပ်ပျက်စီးခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းရေကြီးတာကြောင့် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်စခန်းတချို့မှာ နေအိမ် ၂၀၀ နီးပါးလောက် ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေက ပြောကြပါတယ်။
မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ အိမ် ၁၀၀ ကျော်၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းမှာ အိမ် ၃၂ လုံး၊ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှာတော့ အိမ် ၃၀ လောက် ပျက်စီးသွားခဲ့တာပါ။
ရေ ၅ ပေလောက်နစ်မြုပ်ခဲ့တဲ့ တိမ်ညို စစ်ဘေးရှောင်စခန်း တာဝန်ခံတယောက်ဖြစ်သူ ဦးကျော်မြင့်ချေက “လောလောဆယ်မှာတော့ အဆင်ပြေသလိုပဲ ပြုပြင်နေကြရတယ်။ ပျက်စီးသွားတာ ကတော့ အိမ်ခြေ ၁၀၀ ကျော် ရှိတယ်။ လောလောဆယ်တော့ ကူညီပေးမှုတွေတော့ မရှိကြသေးဘူး" လို့ ပြောပါတယ်။
မြောက်ဦးမြို့ မြတန်ဆောင်း စစ်ဘေးရှောင်းစခန်းမှာလည်း နေအိမ် ၃၂ လုံး ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ဖို့ သစ်၊ ဝါးတွေ လိုအပ်နေဆဲဖြစ်တယ်လို့ စခန်းကို တာဝန်ယူထားတဲ့ မြတန်ဆောင်း ဆရာတော်က မိန့်ပါတယ်။
မြတန်ဆောင်း စစ်ဘေးရှောင်စခန်းကို ရေဘေးသင့် စစ်ဘေးရှောင်တွေအတွက် ရက္ခိုင့်တပ်တော်က ဆန်အိတ် ၇၀ နဲ့ စစ်ကောင်စီက ဆန် ၉ အိတ်ထောက်ပံ့ထားတယ်လို့ သိရပါတယ်။
ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာလည်း နေအိမ် ၆ လုံး လုံးဝပျက်စီးသွားခဲ့ပြီး နောက်ထပ် အိမ်တချို့လည်း နည်းနည်း ပျက်စီးခဲ့တယ်လို့ စခန်းတာဝန်ခံ ဦးသန်းအေးက ပြောပါတယ်။
"အိမ်ပျက်စီးမှုက အိမ် ၆ အိမ်ကတော့ လုံးဝပျက်စီးသွားကြတယ်။ နောက်ထပ် အိမ်တချို့လည်း ပျက်စီးမှု အနည်းအများတော့ ရှိကြတယ်။ လောလောဆယ်တော့ ဆန်ရိက္ခာလောက်ပဲ အကူအညီရသေးပြီး အိမ်တွေပြန်လည်တည်ဆောက်ဖို့တော့ အကူအညီတွေက မရသေးတော့ ပြန်ဆောက်ဖို့အခက်ခဲတွေ ရှိနေကြတယ်" လို့ပြောပါတယ်။
ရခိုင်ပြည်မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာတာနဲ့ မြစ်ရေမြင့်တက် တာတွေကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ အမ်း၊ သံတွဲ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့က လူဦးရေ ၇၀၀၀ ကျော်ကို ယာယီ နေရာရွှေ့ပြောင်းခဲ့ရပါတယ်။
ဒါ့အပြင် ရေကြီးရေလျှံမှုတွေကြောင့် မင်းပြား၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ် တို့မှာ ရေကန် ၁၀၀ နီးပါး နစ်မြုပ်ပြီး သောက်သုံးရေခက်ခဲနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်မှာ လေးမြို့မြစ်နဲ့ ကုလားတန်မြစ်ရေ သိသိသာသာလျော့သွားပေမဲ့ လက်ရှိအချိန်ထိ မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်ပြီး မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရတော့ မိုးကြီးနိုင်ချေရှိတယ်လို့ သိရပါတယ်။










